၈ ဇွန်

 

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောပိုးတွေ့ရှိသူ နောက်ဆုံးတစ်ဦးအား သီးသန့် ခွဲခြားနေထိုင်စေပြီး ကုသပေးရာကနေ ပြီးဆုံးသွားတဲ့အတွက် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် အက်ရှ်လေ ဘလွန်းဖီးက ပြောပါ တယ်။

 

ဖေဖော်ဝါရီ  ၂၈ ရက် မှ စပြီး ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ မရှိတာ ဖြစ်ပါတယ်။ ဒါဟာ ထူးခြားတဲ့ အခြေအနေ ဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ မရှိအောင် လုပ်ဆောင်ဖို့က အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နယူးဇီလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်နိုင်ရန်အတွက် တင်းကျပ်တဲ့ ကန့်သတ်မှုတွေကို ပြဌာန်းခဲ့ရာ သီတင်း (၇)ပတ် ရှိပြီး ပြီးခဲ့တဲ့လကတော့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်တာကိုတွေ့ရပါတယ်။

 

တောင်ပစိဖိတ်နိုင်ငံဖြစ်တဲ့ နယူးဇီလန်မှာ လူဦးရေ ၅ သန်းနေထိုင်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ၁,၁၅၄ ဦးရှိပြီး သေဆုံးသူ ၂၂ ဦး ရှိကြောင်း သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ မရှိခဲ့တာ ၁၇ ရက် ကြာပြီး ပိုးတွေ့ရှိခဲ့သူ တစ်ဦးအဖြစ် သီတင်းတစ်ပတ်ကျော် ကြာပြီးနောက် ရောဂါပိုးကင်းစင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ရောဂါပိုး တွေ့ရှိသူမှာ အသက် ၅၀ အတွင်းရှိ အမျိုးသမီးဖြစ်ကြောင်း၊ အဲဒီအမျိုးသမီးဟာ စောင့်ရှောက်ရေးဂေဟာမှ တဆင့်ကူးစက်ခံခဲ့ရသူဖြစ်ကြောင်း သိရပါတယ်။

 

နယူးဇီလန် ဝန်ကြီးချုပ်က ဒီနေ့ နှောင်းပိုင်းမှာ ဗိုင်းရပ်စ်ပိုး သတိပေးချက် အနိမ့်ဆုံး အဆင့် (၁) အဖြစ် လျှော့ချဖို့ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီအဆင့်မှာ နိုင်ငံတကာ နယ်စပ်ဂိတ်တွေကိုတော့  ကန့်သတ်ချက် အတွင်းမှာ ရှိနေမှာဖြစ်ပေမယ့် ပြည်တွင်းမှာတော့  လူစုလူဝေး သွားလာနိုင်ပြီး မဖြစ်မနေ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး အစီအစဉ်ကို ရုပ်သိမ်းမယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP