မတ် ၂၆
နယူးဇီလန်နိုင်ငံ မြောက်ပိုင်းဒေသရှိ အာဏာပိုင်များသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမများပိတ်ဆို့ပြီး အထက်မြောက်ကျွန်းတစ်လျှောက် အရေးပါသောအဝေးပြေးလမ်းမကြီးများ လမ်းပိတ်နေမှုကြောင့် ယနေ့တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်ဟု သိရသည်။
မြောက်ပိုင်းဒေသရှိအိမ်ခြေနှင့် စီးပွားရေးလုပ်ငန်း ၂၀၀၀ နီးပါးသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ကျောင်းသား ၄၀၀၀ နီးပါးသည် ကျောင်းများ ပိတ်ထားခြင်းကြောင့် ထိခိုက်မှုရှိကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံ၏ မြောက်ဘက်အကျဆုံးဒေသရှိ ဒေသန္တရကောင်စီများက ထိုကြေညာချက်များသည် ခုနစ်ရက်ကြာ အကျိုးသက်ရောက်မည်ဖြစ်ပြီး အသက်နှင့် ပစ္စည်းဥစ္စာများကို ကာကွယ်ရန် အရေးပေါ်အာဏာများကို အရပ်ဘက်ကာကွယ်ရေးအား အသုံးပြုခွင့်ပေးမည်ဟု ပြောကြားခဲ့သည်။
မြောက်ပိုင်းဒေသအချို့အတွက် အနီရောင်အဆင့် မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက်သည် ဆက်လက်တည်ရှိနေပြီး ယနေ့နှောင်းပိုင်းတွင် မိုးရွာသွန်းမှုဆိုးရွားလာမည်ဟု ယူဆရသည်။
နယူးဇီလန် မီးသတ်နှင့် အရေးပေါ်ဌာနက မြေနိမ့်ပိုင်း သို့မဟုတ် ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသော ဒေသများရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး အသင့်ပြင်ထားရန် တိုက်တွန်းထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


