ဇန်နဝါရီ ၁၆
နယူးဇီလန်နိုင်ငံတွင် စားသောက်ကုန်ဈေးနှုန်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ၁၂ လတာကာလအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စာရင်းအင်းဌာန၏အချက်အလက် ယနေ့ထုတ်ပြန်ဖော်ပြချက်အရသိရသည်။
အဆိုပါစားသောက်ကုန်ဈေးနှုန်းနှစ်စဉ်မြင့်တက်မှုသည် ကုန်စုံစားသောက်ကုန်များ၊ စားသောက်ဆိုင်အစားအစာများနှင့် အဆင်သင့်စား အစားအစာများ၏ဈေးနှုန်းများသည် ၂ ဒသမ ၇ ရာခိုင်နှုန်းအထက်နှင့် ၃ ဒသမ ၁ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယူဆကြောင်း ထိုဌာနကပြောကြားသည်။
ကုန်စုံစားသောက်ကုန်ဈေးနှုန်းများမြင့်တက်ခြင်းသည် ထောပတ်၊ သံလွင်ဆီဈေးနှုန်းများ ပိုမိုမြင့်တက် လာခြင်းကြောင့်ဖြစ်ကြောင်း၊ စားသောက်ဆိုင်အစားအစာများနှင့် အဆင်သင့်စား အစားအစာများ၏ ဈေးနှုန်းမြင့်တက်ရခြင်းသည် နေ့လယ်စာ၊ ဟမ်ဘာဂါများနှင့် ညနေစာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ထိုဌာန၏ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ၅၀၀ ဂရမ် ထောပတ်တုံး၏ပျမ်းမျှတန်ဖိုးသည် ဒေါ်လာ ၄ ဒသမ ၄၈ ရှိရာမှ ၂၀၂၄ ခုနှစ် အလားတူကာလတွင် ယင်းထောပတ်တုံး၏ပျမ်းမျှတန်ဖိုး ဒေါ်လာ ၆ ဒသမ ၆၆ ရှိသဖြင့် ဈေးနှုန်း ၅၀ ရာခိုင်နှုန်းခန့်မြင့်တက်လာသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို