နယူးဇီလန်နိုင်ငံ၌ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ငါးသန်းအထိ ထိုးနှံပေးပြီးဖြစ်

ဝယ်လင်တန် စက်တင်ဘာ ၂၈

နယူးဇီလန်နိုင်ငံ၌ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ငါးသန်းအထိ  ထိုးနှံပေးပြီးဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဝန်ကြီး ခရစ်ဟစ်ကင်က စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ၌ ယမန်နေ့အထိ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၅၀၂၀၉၀၀ အား ထိုးနှံပေးခဲ့ရာတွင် ကာကွယ်ဆေးအလုံးရေ ၃၂၃၁၄၄၄ လုံးအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးရာ၌ အသုံးပြုခဲ့ကြောင်းနှင့် ၁၇၈၉၄၅၆ လုံးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးရာ၌ အသုံးပြုခဲ့ကြောင်း  ခရစ်ဟစ်ကင်က ပြောကြားသည်။

နယူးဇီလန်နိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြန့်ဝေမှုကို ဩဂုတ်လနှောင်းပိုင်းက တစ်ရက်လျှင် ကိုးသောင်းကျော်ဖြန့်ဝေပေးခဲ့ပြီး လက်ရှိတွင် တစ်ရက်လျှင် ငါးသောင်းခန့် ဖြန့်ဝေပေးလျက်ရှိကြောင်း နယူးဇီလန်နိုင်ငံ၏ ( ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဝန်ကြီး ခရစ်ဟစ်ကင်က ပြောကြားသည်။

နယူးဇီလန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အထောက်အပံ့  အမြောက်အမြားရရှိထားပြီး ယခုနှစ်ကုန်ပိုင်းတွင် နယူးဇီလန်နိုင်ငံ၏ လူဦးရေ ငါးသန်းအနက်မှ ၉၀ရာခိုင်နှုန်းအထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ ဘာသာပြန်- အလင်းသစ်