နယူးဇီလန်နိုင်ငံရှိ အစ္စလာမ်ဘာသာရေးအဆောက်အအုံများတွင် သေနတ်ပစ်ခတ်မှုနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပ

ဝယ်လင်တန်   ၁၈  မတ်   

 

နယူးဇီလန်အာဏာပိုင်များအနေဖြင့် အစ္စလာမ်ဘာသာရေးအဆောက်အအုံများတွင် အကြမ်းဖက် သေနတ်ပစ်ခတ်မှုနှင့်စပ်လျဉ်း၍  သံသယရှိသူသုံးဦးကို  ဖမ်းဆီးထားခဲ့ပြီးနောက်   သေနတ်ဖြင့်ပစ်ခတ်သူ  ဘရန်တန်တာရန့်ကိုသာ  လူအစုလိုက်အပြုံလိုက်  သတ်ဖြတ်မှုဖြင့်  တရားစွဲဆိုထားခဲ့ကြောင်း  ယမန်နေ့ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နယူးဇီလန် ရဲမင်းကြီးက ပြောကြားခဲ့သည်။

 

မတ် ၁၇ ရက်တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နယူးဇီလန်ရဲမင်းကြီး      မိုက်ဘုရှ်က      အစ္စလာမ်ဘာသာရေးအဆောက်အအုံများတွင် အကြမ်းဖက်သေနတ်ပစ်ခတ်မှုကြောင့်  သေဆုံးသူအရေအတွက် ၅၀ အထိမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူမည်မျှရှိသလဲဆိုသည်ကိုမူ အတိအကျပြောကြားခဲ့ခြင်း မရှိသော်လည်း    မကြာမီအချိန်တွင် သတင်းထုတ်ပြန်နိုင်ရန်  မျှော်လင့်မိပါကြောင်း  နယူးဇီလန် ရဲမင်းကြီး  မိုက်ဘုရှ်က ဆိုသည်။

 

ပစ်မှုကျူးလွန်သူ အသက် ၂၈ နှစ်အရွယ် ဩစတြီးယားနိုင်ငံသား တာရန့် ထံတွင် အခင်းဖြစ်ပွားခဲ့သည့်အချိန်တွင် အလိုအလျောက်ပစ်နိ်ုင်သော ရိုင်ဖယ်သေနတ်များအပါအဝင် သေနတ်ငါးလက် တွေ့ရှိခဲ့ကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။

 

ထို့ပြင် တာရန့်သည် မတ် ၁၅ ရက်တွင် ခရစ်ချက်ချ်မြို့၌   အစ္စလာမ်ဘာသာရေးအဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်ကာ သေနတ်များဖြင့်ဦးတည်ရာ မဲ့ပစ်ခတ်ခဲ့ပြီးနောက်    ငါးကီလိုမီတာခန့်အကွာရှိ အစ္စလာမ်ဘာသာရေးအဆောက်အအုံတစ်ခုသို့         ဆက်လက်သွားရောက်ကာ  အဆောက်အအုံအတွင်းရှိ ပြည်သူများအား သေနတ်ဖြင့်  ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲအရာရှိများက ဆက်လက်ပြောကြားခဲ့သည်။

 

ပြစ်မှုကျူးလွန်သူ တာရန့်သည် ရဲအရာရှိများ၏ စောင့်ကြည့်စာရင်းတွင်ပါဝင်ခဲ့သူတစ်ဦး မဟုတ်ခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် ဩစတြီးယားရဲအရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ကာ တာရန့်၏  နောက်ခံသမိုင်းကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေး မည်ဖြစ်ကြောင်း နယူးဇီလန်ရဲအရာရှိများက ဆိုသည်။

 

အခင်းဖြစ်ပွားမှုကြောင့်  လူ  ၃၀ ကျော် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ယင်းတို့အနက်   နှစ်ဦးသည်  ဒဏ်ရာပြင်းထန်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့သည်။   

 

အင်န်အိတ်ချ်ကေ