ဇွန် ၁၂

နယူးဇီလန်နိုင်ငံသို့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုပေါင်း ၂၂၅၀၀၀ ရှိရာ ၂၀၂၃ ခုနှစ် ဧပြီလက ခရီးသွားဝင်ရောက်မှုထက် ခရီးသွားဦးရေ ၃၈၀၀ ပိုမိုများပြားခဲ့ကြောင်း စာရင်းအင်းဌာနက ယနေ့တွင် ပြောကြားသည်။

အဆိုပါခရီးသွားများအနက် တရုတ်နိုင်ငံမှခရီးသွားများ ဝင်ရောက်မှုပိုမိုများပြားခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလက တရုတ်ခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် ဧပြီလတွင်  တရုတ်ခရီးသွားဦးရေ ၁၀၄၀၀ တိုးလာသည်ဟု ဖော်ပြထားသည်။ ထိုင်းနိုင်ငံမှခရီးသွားဝင်ရောက်မှုပိုမိုများပြားလာပြီး ဩစတြေးလျနှင့် ဗြိတိန်နိုင်ငံတို့မှခရီးသွားဝင်ရောက်မှု လျော့ကျခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ဧပြီလက နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃၀၇၄၀၀ ရှိရာ ၂၀၂၄ ခုနှစ် ဧပြီလက နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီကာလ ခရီးသွားဝင်ရောက်မှု၏ ၇၃ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၂၂၅၀၀၀ ရှိရာ ဩစတြေးလျနိုင်ငံမှ ၄၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ ၁၀ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံမှ ၉ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံမှ ၄ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံမှ ၃ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၄  ခုနှစ် ဧပြီလက နယ်စပ်ဖြတ်သန်းသွားလာမှု ၁ ဒသမ ၀၂ သန်းရှိရာ ဝင်ရောက်သူ ၄၇၆၂၀၀ ရှိပြီး ထွက်ခွာသူ ၅၄၄၄၀၀ ရှိသည်။ ၂၀၂၄ ခုနှစ် မတ်လက နယ်စပ်ဖြတ်ကျော်မှု ၁ ဒသမ ၁၃ သန်းရှိကြောင်း ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဧပြီလက နယ်စပ်ဖြတ်သန်းသွားလာမှုသည် ၂၀၁၉ ခုနှစ် ဧပြီလက နယ်စပ်ဖြတ်သန်းသွားလာမှု ၁ ဒသမ ၁၈ သန်း၏ ၈၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို