၇ ဧပြီ
နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ အတည်ပြုအရေအတွက် ၃၂ ဦး ရှိပြီး ဖြစ်နိုင်ချေရှိသူပေါင်း ၂၂ ဦး ရှိကြောင်း နှင့် စုစုပေါင်း အရေအတွက် ၁၁၆၀ ဦး ရှိကြောင်း အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် ယခုချိန်ထိ သေဆုံးသူ တစ်ဦး ရှိပြီး ၂၄၁ ဦး ပြန်လည်ကောင်းမွန်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Ashley Bloomfield က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
နယူးဇီလန်နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာ ၁၂ ဦး ကုသမှုခံယူနေပြီး လူနာတစ်ဦးမှာမူ အခြေအနေဆိုးရွားနေသဖြင့် ICU ခန်းတွင် ကုသမှုခံယူနေသည်ဟု ၎င်းက ဆိုသည်။
ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် နိုင်ငံတော် အရေးပေါ်အခြေအနေကို ခုနစ်ရက်ထပ်မံကာ ဒုတိယအကြိမ် သက်တမ်းတိုးသွားမည် ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံနေရစဉ်အတွင်း ပြည်သူများ၏ စိတ်ကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်ရန် နယူးဇီလန်နိုင်ငံတစ်ဝန်းတွင် အကူအညီများစွာ ပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဒေးဗစ် ကလပ်ခ်က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို