ဝယ်လင်တန် ၈  ဇွန်

 

နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို နယ်စပ်ထိန်းချုပ်မှုများမှလွဲ၍ ကန့်သတ်ထိန်းချုပ်မှု အစီအမံအားလုံး ရုပ်သိမ်းမည်ဖြစ်ရာ ထိုသို့လုပ်ဆောင်သည့် ပထမဆုံးသော တောင်ပစိဖိတ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က ယနေ့ ပြောကြားလိုက်သည်။

 

အမျိုးသားသတိပေးချက် အဆင့် ၂ မှ အဆင့် ၁ သို့ ပြောင်းလဲစဉ် အစိုးရအနေဖြင့် ယနေ့ည သန်းခေါင်ယံချိန်မှစ၍ ခပ်ခွာခွာနေရေး ကန့်သတ်ချက်များ ရုပ်သိမ်းမည်ဟု ဂျာစင်ဒါအာဒန်က သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။ ။

 

ပြည်သူနှင့် ပုဂ္ဂလိကအခမ်းအနားများ၊ လက်လီနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအနေဖြင့် ကမ္ဘာတစ်ဝန်း ချမှတ်ထားဆဲဖြစ်သော ခပ်ခွာခွာနေ စံနှုန်းများမလိုဘဲ ပြန်လည်စတင်နိုင်မည်ဖြစ်သည်။ လုပ်ငန်းစဉ် မပြီးမြောက်သေးသော်လည်း သမိုင်းမှတ်တိုင် တစ်ခုဆိုသည်မှာ မငြင်းနိုင်ကြောင်း ၎င်းက ပြောသည်။ လူဦးရေ ငါးသန်းခန့်ရှိသော နယူးဇီလန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအကျပ်အတည်းမှ လွတ်မြောက်လာစဉ် ဘရာဇီး၊ ဗြိတိန်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံကဲ့သို့သော စီးပွားရေးအင်အားကြီး တိုင်းပြည်များက အဆိုပါဗိုင်းရပ်စ်ဒဏ် အလူးအလဲခံနေရသည်။

 

နယူးဇီလန်နိုင်ငံတွင် ဖေဖော်ဝါရီလနှောင်းပိုင်းက ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီးနောက်ပိုင်း ရောဂါလက္ခဏာပြသည့် ကူးစက်မှုမရှိခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ကိုဗစ် - ၁၉ ရောဂါ ကူးစက်လူနာ ၁၁၅၄ ဦးနှင့် သေဆုံးသူ ၂၂ ဦးရှိကြောင်း နယူးဇီလန်နိုင်ငံက ထုတ်ပြန်ခဲ့သည်။

“ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ရောဂါလက္ခဏာပြတဲ့ ကူးစက်မှု မရှိတာ သိသာထင်ရှားတဲ့ အမှတ်သညာတစ်ခုဖြစ်ပေမယ့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိဝီရိယရှိမှုက မရှိမဖြစ် လိုအပ်မှာဖြစ်ပါတယ်” ဟု ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအက်ရှ်လေ ဘလွန်းဖီးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကို ဖယ်ရှားပစ်ခြင်းမှာ အမြစ်ပြတ်ပစ်ခြင်းဟု မဆိုလိုသော်လည်း နောက်ဆုံးကူးစက်ခံရသည့်လူနာ သီးသန့်ခွဲနေမှု ပြီးဆုံးပြီးနောက် အတိုင်းအတာတစ်ခုအထိ ကူးစက်မှုကွင်းဆက်များ ရပ်တန့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

 

ကိုးကား-တီအာတီဝါး၊ ဘာသာပြန်-ကျော်ထိုက်စိုး