ဝယ်လင်တန် ၁၇ ဇွန်
နယူးဇီလန်နိုင်ငံတွင် လေယာဉ်ငယ်နှစ်စင်း တိုက်မိခဲ့ရာ လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ယမန်နေ့အတည်ပြုပြောကြားခဲ့သည်။
ဝယ်လင်တန်မြို့တော်အနီး မာစတာတန်မြို့၌ လေယာဉ်ငယ်နှစ်စင်းတိုက်မိပြီးနောက် မီးလောင်သွားခဲ့ကြောင်း၊ ယခုအခါ မီးငြှိမ်းသတ်ပြီးဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။ လေယာဉ်နှစ်စင်းတိုက်မိချိန်တွင် ကျယ်လောင်သည့်အသံကို ကြားခဲ့ရကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် ယခုအချိန်ထိ တုန်လှုပ်ချောက်ချားဆဲဖြစ်ကြောင်း၊ မတော်တဆမှုဖြစ်ပွားချိန်တွင် ရာသီဥတုအခြေအနေများ ကောင်းမွန်ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။
လေယာဉ်ငယ်နှစ်စင်းမှာ မာစတာတန်လေဆိပ်၌ ဆင်းသက်တော့မည့်အချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။ လေယာဉ်ငယ်နှစ်စင်းအနက် တစ်စင်းကို လေယာဉ်ပေါ်မှလေထီးဖြင့်ခုန်ချသည့် အစီအစဉ်တစ်ခုတွင် အသုံးပြု ခဲ့သည်။
ရဲတပ်ဖွဲ့နှင့်လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုဖြစ်ရပ်မှာပြီးခဲ့သောနှစ်ရက်အတွင်း နယူးဇီလန်၌ ဖြစ်ပွားခဲ့သည့် ဒုတိယအကြိမ်မြောက် လေယာဉ်မတော်တဆမှုဖြစ်သည်။ ဇွန် ၁၅ ရက်ကလည်း နယူးဇီလန်နိုင်ငံ North ကျွန်းရှိ သစ်တောတစ်ခုအတွင်း မြူထူထပ်မှုကြောင့် လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး