၁၈ အောက်တိုဘာ

 

မန်ယူအသင်းက နယူးကာဆယ်ကို အဝေးကွင်းမှာ လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ  မန်ယူအတွက် ချေပဂိုးကို ကိုယ်တိုင်သွင်းယူပေးခဲ့ရုံမျှမက  ခံစစ်ပိုင်းမှာ ကစားပုံအထူးကောင်းမွန်ခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားရဲ့  စွမ်းဆောင်ရည်နဲ့  ပတ်သက်လို့  နည်းပြဆိုးလ်ရှားက မက်ဂွိုင်းယားဟာ ဝေဖန်မှုတွေကို  အကောင်းဆုံးနည်းနဲ့ တုံ့ပြန်ပြနိုင်သူအဖြစ် ချီးကျူးလိုက်ပါတယ်။

 

မက်ဂွိုင်းယားဟာ စပါးကို မန်ယူက ခြောက်ဂိုး-တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့သလို  အင်္ဂလန်က ဒိန်းမတ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ  နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့်  အားလုံးရဲ့ ဝေဖန်မှု တွေက ဒီမန်ယူအသင်းခေါင်းဆောင်အပေါ် စုပြုံလာခဲ့တာဖြစ်ပါတယ်။

 

ဆိုးလ်ရှားက “ သူက အသင်းကို လှုံဆော်နိုင်တဲ့ ကစားသမားမျိုးဖြစ်တယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေ အတွက် တကယ်ကို ကျေနပ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်း ( ဘယ်လ်ဂျီယံ)ကို အနိုင်ရတဲ့ ပွဲစဉ်မှာလည်း သူ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့် လူတွေက စပါးနဲ့ ဒိန်းမတ်ကို အရေးနိမ့်ခဲ့တဲ့ ပွဲက အကြောင်းတွေကိုပဲ စဉ်းစားပြီး တရားခံရှာကြတာပါ။ ခက်ခဲမှုတွေအတွက် အကောင်းဆုံး ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ တုံ့ပြန်ပြလိုက်တာပါ” လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ကိန်းဂဏန်းတွေရဲ့ ဖော်ပြချက်အရ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားထက်မဆို အချိန်အားဖြင့် (မိနစ်နဲ့တွက်ချက်) ပိုကစားပေးခဲ့ရတာကြောင့် နွမ်းနယ်မှုဒဏ်နဲ့ မန်ယူ အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ကစားရသူလည်းဖြစ်တာကြောင့် အင်္ဂလန်မီဒီယာတွေရဲ့ သတိထား စောင့်ကြည့်အခံရဆုံး ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

 

မေလဲ့သင်း