နယူးကာဆယ်ကို သရေတစ်မှတ်သာ ရယူနိုင်ခဲ့သည့် နော့ဝှစ်ချ်အသင်း

ပရီမီယာလိဂ်ပွဲစဉ် (၁၄) အဖြစ် တန်းဆင်းဇုန်အတွင်းမှ နယူးကာဆယ်အသင်းနှင့် နော့ဝှစ်ခ်ျအသင်းတို့ ပွဲစဉ်ကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက နယူးကာဆယ်အိမ်ကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ ထို့ကြောင့် နယူးကာဆယ် အသင်းအနေဖြင့် ၁၄ ပွဲကစားပြီး ရမှတ် ခုနစ်မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံးတွင် ဆက်လက်ရပ်တည်နေသလို နော့ဝှစ်ချ် အသင်းက ရမှတ် ၁၀ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ဆက်လက်ရပ်တည်နေသည်။

အိမ်ရှင်နယူးကာဆယ်အသင်းသည် ယခုနှစ်ရာသီတွင် ပထမဆုံး ပရီမီယာလိဂ်နိုင်ပွဲရယူနိုင်ရန်အတွက် စိန့်မက် ဇီမင်၊ ဝီလ်ဆင်၊ ဂျိုးလင်တန်စသည့် အဓိက ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက် နော့ဝှစ်ချ်အသင်းကလည်း တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ရန်အလို့ငှာ ယခုပွဲစဉ်တွင် အားထား ရသည့် ကစားသမားများဖြင့် နယူးကာဆယ်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ပွဲချိန် ကိုးမိနစ်တွင် နယူးကာဆယ်အသင်းမှ ကလတ်ခ်ပြိုင်ဘက်ကစားသမားအား ကစားပုံကြမ်းတမ်းခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသဖြင့် လက်ကျန်မိနစ်များကို တစ်ယောက်လျော့ဖြင့် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရသည်။ ထို့နောက်တွင် နယူးကာဆယ်အသင်း၏ ကစားအား သိသိသာသာကျဆင်း သွားခဲ့ပြီး နော့ဝှစ်ချ်အသင်း၏ ဖိအားပေးမှု ကို ခံခဲ့ရသည်။

ယခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို တစ်ယောက်လျော့ နယူးကာဆယ် အသင်းကစတင်ရရှိခဲ့ပြီး ပွဲချိန် ၆၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဝီလ်ဆင်က သွင်းယူပေးနိုင်ခဲ့သည်။ နေနော့ဝှစ်ချ်အသင်းသည် ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေးကြိုးစားလာခဲ့ရာ ပွဲချိန် ၇၉ မိနစ်တွင် ချေပဂိုး ရရှိခဲ့ပြီး ပွတ်ကီက သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် တစ်ဖက်နှင့် တစ်ဖက် ပွဲချိန်ပြည့်သည်ထိ ထပ်မံဂိုး သွင်းယူနိုင်ခြင်း မရှိသောကြောင့် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။

နယူးကာဆယ်အသင်းသည် ယခုပွဲစဉ်သရေကျမှုကြောင့် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် (၁၅) ပွဲတွင် နိုင်ပွဲရရှိထားခြင်း မရှိဘဲ ရှုံးပွဲခုနှစ်ပွဲနှင့် သရေ ရှစ်ပွဲကျထားသည်။ လာမည့်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းသည် ဘန်လေအသင်းနှင့် ဒီဇင်ဘာ ၄ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ နော့ဝှစ်ချ်အသင်းက လာမည့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၅ ရက်တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အခြားသောပွဲစဉ်အဖြစ် လိစ်ဒ်အသင်းနှင့် ခရစ္စတယ် ပဲလေ့စ်အသင်းတို့ လိစ်ဒ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး လိဒ်စ်အသင်းက ရာဖင်ဟာ၏ နောက်ကျ ပယ်နယ်တီဂိုးနှင့်အတူ ပဲလေ့စ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ လိဒ်စ်အသင်းသည် ယခုပွဲစဉ်တွင် ပဲလေ့စ်အသင်းကို အနိုင် ရရှိခဲ့သော ကြောင့် ၁၄ ပွဲကစားပြီး ၁၅ မှတ်ဖြင့် တန်းဆင်းဇုန်အထက်တွင် ရပ်တည်နိုင်ခဲ့သည်။

အောင်ဇော်