၅ အောက်တိုဘာ
နယူးယောက်မြို့ရှိဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေသဖြင့် ကန့်သတ်ပိတ်ဆို့မှုဆိုင်ရာစီမံချက်များ ပြန်လည်ချမှတ်ရန် နယူးယောက်မြို့က စီစဉ်နေသည်။
နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလဲစီယိုက ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဘရွတ်ကလင်နှင့်ကွီးစ် မြို့နယ်များရှိိ ရပ်ကွက်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များပြန်လည်ချမှတ်ရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ခုနစ်ရက်က ထိုနေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှုနှုန်း ၃ ရာခိုင်နှုန်းအထက်ရှိခဲ့သည်။
စာသင်ကျောင်းများကို ပိတ်ထားမည် ဖြစ်ပြီး ကျောင်းသားများအနေဖြင့် အဝေးကနေသင်ယူရမည် ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများ ပိတ်ထားမည်ဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် စူပါမားကတ်များ ကဲ့သို့သော မရှိမဖြစ်လိုအပ်သောအရောင်းဆိုင်များကို ဆက်လက်ဖွင့်လှစ်ထားမည် ဖြစ်သည်။
အနည်းဆုံးသီတင်းနှစ်ပတ်ကြာ ကန့်သတ်ပိတ်ဆို့ထားမည်ဟု နယူးယောက်မြို့က ဆိုသည်။
နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးက ထိုအစီအစဉ်ကို အတည်ပြုခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကန့်သတ်ပိတ်ဆို့မှု စတင်လုပ်ဆောင်မည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်မြို့သည် တစ်ချိန်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားရာ ဗဟိုချက်ဖြစ်ခဲ့ပြီး မတ်လက ကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။
နယူးယောက်မြို့တွင် စက်တင်ဘာလကုန်ပိုင်းကစတင်ကာ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်နှင့် စာသင်ကျောင်းများတွင် ပြန်လည်တက်ရောက်ခွင့် ပြုပေးထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို