ဖေဖော်ဝါရီ ၅

အမေရိကန်ပြည်ထောင်စု၏ ဒေသများစွာတွင် ဇန်နဝါရီလနှောင်းပိုင်းက ထူးကဲသော အအေးဒဏ်နှင့်ရင်ဆိုင်နေရကာ နယူးယောက်တွင် ကိုယ်ပူရှိန်အလွန်အမင်းကျဆင်းသဖြင့် သေဆုံးသူ ၁၃ ဦး ရှိကြောင်း မြို့တော်ဝန်က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ နယူးယောက်မြို့၏သမိုင်းတစ်လျှောက်တွင် ၃၂ ဒီဂရီအောက် ဆက်တိုက် အရှည်ကြာဆုံးကာလအလယ်တွင် ရှိနေနိုင်သည် ဟု မြို့တော်ဝန် Zohran Mamdani က ပြောကြားခဲ့သည်။

နယူးယောက်သား ၁၆ ဦးသည် အအေးဒဏ်ကာလအတွင်း သေဆုံးခဲ့ကြောင်းနှင့် ကိုယ်ပူချိန် အလွန်အမင်းကျဆင်းမှုကြောင့် ၁၃ ဦးသေဆုံးခဲ့သည်ဟု ယူဆရပြီး သုံးဦးသည် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

အဆိုပါသေဆုံးသူများသည် သေဆုံးချိန်တွင် လမ်းပေါ်တွင် စခန်းချနေခြင်းမရှိကြောင်း မြို့တော်ဝန်က ထပ်လောင်းပြောကြားခဲ့သည်။ သေဆုံးသူများအနက်အချို့သည် ယခင်ကအရေးပေါ်ခိုလှုံရေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် အဆက်အသွယ်ရှိခဲ့ဖူးသည်ဟုသိရသည်။

မြို့တော်တွင် အရေးပေါ်အပူပေးစင်တာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်ပညာရှင်များ ပါဝင်သော ယာဉ် ၂၀ စီးကို အသင့်ထားရှိပြီး လူပေါင်း ၉၃၀ ကျော်ကို ခိုလှုံရာနေရာများနှင့် ဘေးကင်းရာနေရာများကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို