ရန်ကုန်  ၂၁   မတ် 

သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စေရေး၊ အဝေးပြေးကား လက်မှတ်ဝယ်ယူရာတွင် အခက်အခဲမရှိစေရန်နှင့် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်နိုင်ရန် သင်္ကြန်ကာလအတွင်း ယာဉ်များ ကြံ့ခိုင်မှုရှိရန်၊ ယာဉ်မတော်တဆမှုမဖြစ်ပွားစေရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)က ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (အဝေးပြေး) တာဝန်ခံ ဦးဘမြင့်က “နှစ်စဉ် သင်္ကြန်တွင် ကြုံတွေ့နေရသည့် ကားလက်မှတ်ဝယ်မရဘူး။ လက်မှတ်ခ ပိုယူသည်ဆိုတဲ့ အခက်အခဲတွေကို ဒီနှစ်မှာ မဖြစ်အောင်၊ မိမိတို့ရဲ့ယာဉ်လိုင်းဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မှန်ကန်စွာရောင်းချပေးကြဖို့ မှာကြားပြီး ဖြစ်ပါတယ်။ တချို့ယာဉ်လိုင်းတွေက လက်မှတ်ကုန်ပြီလို့ပြောပြီးမှ လက်သိမ့်ထိုးရောင်းတာတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါမျိုးတွေမဖြစ်အောင် ကြိုးစားပြီး သေသေချာချာကြီးကြပ်ပြီးလုပ်ကြဖို့ မှာကြားပြီးဖြစ်ပါတယ်။ မနှစ်တုန်းက လူတစ်သိန်းခုနှစ်သောင်းကျော်ကို အဆင်ပြေချောမွေ့စွာသွားပြီ။ အခု သင်္ကနြ်ကား လက်မှတ်တွေကို ဖေဖော်ဝါရီလကတည်းက အွန်လိုင်းကနေ ရောင်းနေပါပြီ။ အောင်မင်္ဂလာမှာ ယာဉ် ၄၂ လိုင်းက အွန်လိုင်းက ရောင်းချနေကြပြီ၊ ကြိုတင်ပြီး ရောင်းချပေးသလို ဂိတ်တွေကလည်း ရောင်းချပေးနေကြပြီ၊ တချို့လည်း ကုန်နေကြပြီ။ အဲဒီလိုရောင်းချပေးနေတာကို လာမဝယ်သေးဘဲနဲ့ မနက်ဖြန်ခါသွားမယ် အခုလက်မှတ်ရောင်းပေးပါဆိုတဲ့လူမျိုးပေါ်ပေါက်လာတဲ့အတွက် သူကသွားမှာက သင်္ကနြ်နီးမှ သွားမှာဆိုတော့ လက်မှတ်ကကုန်နေပြီ။ အဲဒီလိုချိန်မှာ လက်မှတ်မရဘူးလို့ ကြွေးကြော်တာတွေ့ခဲ့ရပါတယ်။ အဲဒီလိုလက်မှတ်မရတဲ့လူတွေက တို့ဆီကိုလာပြီး အကူအညီတောင်းရင် ငါတို့က ကူညီပေးတယ်၊ မနှစ်က လူတစ်ရာကျော် အကူအညီလာတောင်းလို့ ကူညီပြီးကားစီစဉ်ပေးတယ်။ နှစ်တိုင်း အရန်ကားတွေ ထားရှိတယ်။ ရုံးရှေ့မှာလည်း လက်မှတ်မရသူကားတစ်စီးစာရှိရင် သတင်းပို့ပါလို့ ဗီနိုင်းရေးပြီး ကပ်ထားပေးဦးမှာ။ တစ်ဦးတစ်ယောက်ချင်း ကားလက်မှတ်မရသူ ရှိပါကလည်း အကူအညီပေးနိုင်အောင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေးအတွက် ခရီးသွားပြည်သူများ အကူအညီပေးရေးအဖွဲ့တွေကို နှစ်တိုင်းဖွဲ့ထားပါတယ်” ဟု ပြောကြားသည်။ 


ရန်ကုန်မြို့မှ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်ဝင်းနှစ်ခု ဖြစ်သည့် အောင်မင်္ဂလာအဝေးပြေးဝင်းမှ ၂၆၂ လိုင်း၊ ကားအစီးရေ ၂၇၁၁ စီး၊ ဒဂုံဧရာအဝေးပြေးကားဝင်းမှ ၁၂၇ လိုင်း၊ ကားအစီးရေ ၁၁၅၇ စီး စုစုပေါင်း ၃၈၉ လိုင်း၊ စုစုပေါင်းကားအစီးရေ ၃၈၆၈ စီးဖြင့် အများပြည်သူခရီးသွားများကို သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ခရီးသွားပြည်သူများ အကူအညီပေးရေးအဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များကိုဖွဲ့၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

၂၀၁၉ ခုနှစ်၊ သင်္ကနြ်အကျနေ့ မတိုင်မီ (၅) ရက်အတွင်း၊ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးဝင်းမှ ယာဉ်အစီးရေပေါင်း ၃၈၉၇ စီးဖြင့် ခရီးသည်ပေါင်း ၁၇၅၃၆၅ ဦးကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ကြောင်း စာရင်းအရသိရသည်။ 

Covid-19 နဲ့ပတ်သက်လို့ မြို့နယ် ကျန်းမာရေးဦးစီးဌာနနဲ့ညှိနိုင်းပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်တစ်ဦးက သူနာပြုများနှင့် လာရောက်ပြီး ယာဉ်လိုင်းများကို ကြိုတင်ကာကွယ်ရေး ဟောပြောဆွေးနွေးခြင်း၊ ယာဉ်လိုင်းအလိုက် ဘတ်စ်ကားများအပေါ်တွင် စတေကာများကပ်ခြင်း၊ လက်ဆေးရည်၊ တစ်ရှူးများထားရှိရန် အကြောင်းကြားထားပြီး လုပ်ဆောင်ရန် မှာကြားထားကြောင်းသိရသည်။ 

“လက်ဆေးတာတို့လို ကျန်းမာရေးအသိပေး စာစောင်တွေ ခရီးသည်တွေကို ယာဉ်လိုင်းတွေက မှာကြားဖို့ ဒီနေ့တစ်ဝင်းလုံးကို ပြောထားပါတယ်။ ဒေါက်တာ အောင်ထက်က ဆိုက်ရောက်လာတဲ့ခရီးသွားတွေကို လက်ဆေးပါ။ နားနေဆောင်တွေမှာ လက်ဆေးကန်တွေ၊ ဆပ်ပြာတွေထားဖို့ မှာကြားထားပါတယ်။ Hand Speaker နဲ့ Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပေးပါတယ်၊ ကားတွေပေါ်မှာ Hand gel ထားဖို့ ပိုစတာတွေ ကပ်ပါတယ်။ သာမိုမီတာတော့ မရှိသေးဘူး။ အခမဲ့ဆေးခန်း ရှိပါတယ်။ သံသယရှိရင် ဆေးခန်းကို ခေါ်ပြီး စမ်းသပ်ပါတယ်။ ဂိတ်တွေမှာ ဘေစင်တွေ အပြင်မှာထားပေးဖို့ အများသုံး သန့်စင်ခန်းတွေ သန့်ရှင်းစွာထားဖို့ မှာကြားထာပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း တာဝန်ခံ အရာရှိရုံးမှ လက်ထောက်ဌာနမှူး ဦးရန်ငြိမ်းချမ်းက ပြောသည်။ 

“ကျွန်တော်တို့ဆီမှာ ကားလက်မှတ်မှောင်ခိုလာဝယ်တာမျိုးတော့ မရှိသေးပါဘူး။ လူတစ်ယောက်ကို လက်မှတ် ၇ စောင်၊ ၈ စောင်အထိ မှတ်ပုံတင်နဲ့ လာဝယ်တာတော့ရှိပါတယ်၊ အဖွဲ့လိုက်သွားတဲ့လူတွေလို့ပဲ မြင်ပါတယ်။ အွန်လိုင်းမှာလည်း bus ticket online ဆိုပြီး ရှာပြီး ဝယ်လို့ရပါတယ်။ ရောင်းတဲ့ဆိုင်တွေ ကတော့ အများကြီးရှိမှာပါ” ဟု ရွှေစင်စကြာယာဉ်လိုင်းမှ လက်မှတ်အရောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။

ကိုသန့်ဇင်ဝင်း