၁၈ ဇန်နဝါရီ

 

 

ဩစတြေးလျ ကျန်းမာရေးဝန်ကြီးက ဩစတြေးလျရဲ့ နိုင်ငံတကာ နယ်စပ်ဂိတ်တွေကို ခရီးသည်တွေ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင် ဒီနှစ်အတွင်းမှာ ဖွင့်နိုင်မယ်လို့ မထင်ကြောင်း ဒီနေ့ (တနင်္လာနေ့) မှာ ပြောကြားပါတယ်။

 

 

ဩစတြေးလျနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေး အဖွဲ့ရဲ့ ထိပ်တန်းအကြံပေးလည်းဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးက နိုင်ငံရဲ့ အဝင်၊ အထွက်တွေကို ၂၀၂၁ ခုနှစ်မှာ လွတ်လွတ်လပ်လပ် ဖွင့်ပေးရေးဆိုတာ မမျှော်လင့်ကြောင်း ABC သတင်းဌာနကို ပြောပါတယ်။

 

 

ဝန်ကြီးက ဒီနှစ်အတွက် နယ်စပ်ဂိတ်တွေကို တင်းကျပ်မှုတွေနဲ့ သွားလာနိုင်မယ် ထင်မြင်ကြောင်း၊ လူအများအပြား ကာကွယ်ဆေး ထိုးပြီးတဲ့နောက် အဲဒီကာကွယ်ဆေးဟာ ရောဂါပိုး မကူးစက်အောင် ကာကွယ်နိုင်မလားဆိုတာ မသိသေးကြောင်း၊ အဲဒီအတွက် အသွားအလာ ကန့်သတ်စောင့်ကြည်မှု စည်းမျဉ်းဟာ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိသွားမယ်လို့ ဆက်ပြောပါတယ်။

 

 

ဩစတြေးလျနိုင်ငံကို လာရောက် လည်ပတ်မယ့်သူအတွက် နယ်စပ်ဂိတ်တွေကို ၂၀၂၀ ခုနှစ် မတ်လကစပြီး ပိတ်ထားခဲ့ပါတယ်။ နိုင်ငံသားတွေ နိုင်ငံကို ပြန်လာရေးကိုလည်း ကန့်သတ် အရေအတွက်နဲ့ အပတ်စဉ် လက်ခံဆောင်ရွက်ခဲ့ပါတယ်။

 

 

ဩစတြေးလျနိုင်ငံသား ထောင်ချီသောင်းချီပြီး တခြားနိုင်ငံတွေမှာ သောင်တင်နေခဲ့ပါတယ်။ နိုင်ငံကို ပြန်လာမယ့်သူတွေဟာ ၁၄ ရက်တိတိ ဟိုတယ်မှာ သီးသန့်ကန့်သတ် နေထိုင်ရမှာဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ် ဩစတြေးလျဒေါ်လာ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၃၀၀) ပေးရမှာ ဖြစ်ပါတယ်။

 

 

Pfizer ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ Oxford/AstraZeneca ထုတ် ကာကွယ်ဆေးတွေဟာ ဩစတြေးလျအတွက် ရရှိနိုင်ပြီဖြစ်ပေမယ့် ဖေဖော်ဝါရီလကုန်ပိုင်းမှာ စတင်ထိုးပေးဖို့ စီစဉ်ထားပါတယ်။ ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်ထားပေမယ့် နိုင်ငံရဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP

mdn