မတ် ၆

ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်တွင် အပူပိုင်းမုန်တိုင်းစနစ်သည် ပြည်နယ်၏အရှေ့မြောက်ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ အန္တရာယ်ရှိသောရုတ်တရက်ရေကြီးရေလျှံမှုအတွက် ပြင်းထန်သောရာသီဥတု သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

မိုးလေဝသဗျူရို (BoM) က ယနေ့နံနက်မှစတင်ကာ ကွင်းစလန်ပြည်နယ်၏ အပူပိုင်းဒေသအစွန်ဆုံး မြောက်ဘက်ကမ်းရိုးတန်းရှိ ကီလိုမီတာ ၃၅၀ ရှည်လျားသောကမ်းရိုးတန်းတွင် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမည်ဟု မျှော်လင့်ရကြောင်း သတိပေးချက်တွင် ပြောကြားခဲ့သည်။

ဒေသတွင်း မိုးသည်းထန်စွာရွာသွန်းမှုသည် အန္တရာယ်ရှိပြီး အသက်အန္တရာယ်ရှိသော ရုတ်တရက်ရေကြီးရေလျှံမှုကို ယနေ့နံနက်တွင် ဖြစ်ပေါ်စေနိုင်သညဟု ၎င်းက ဆိုသည်။

အဆိုပါသတိပေးချက်ဧရိယာတွင် လူဦးရေ ၂၅၅၀၀၀ ခန့်ရှိသော အရှေ့မြောက်ကမ်းရိုးတန်းမြို့များဖြစ်သည့် Cairns၊ Port Douglas နှင့် Cooktown တို့ ပါဝင်သည်ဟု သိရသည်။

ဒေသတွင်းတွင် ခြောက်နာရီလျှင် မိုးရေချိန် ၂၄၀ မီလီမီတာ (မီလီမီတာ) အထိ ရွာသွန်းပြီး ၂၄ နာရီလျှင် ၃၀၀ မီလီမီတာအထိ ရွာသွန်းမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဗျူရိုကပြောကြားခဲ့သည်။

မိုးလေဝသခန့်မှန်းသူများက အပူပိုင်းဒေသအနိမ့်ပိုင်းသည် ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြစ်ပေါ်လာနိုင်ခြေ ၄၅ ရာခိုင်နှုန်းရှိသည်ဟု ယခင်က သတိပေးခဲ့သော်လည်း ယနေ့နံနက်တွင်ငါးရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။

ထိုမုန်တိုင်းသည် Cardwell မြို့ငယ်လေးအနီးတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မျှော်လင့်ရသော်လည်း မိုးသည်းထန်စွာရွာသွန်းမှုသည် မြောက်ဘက်ရှိ Cairns၊ Port Douglas နှင့် Cooktown တို့နှင့် နီးကပ်လာမည်ဟု မိုးလေဝသဗျူရိုက ယနေ့တွင် ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို