ဆစ်ဒနီ ဇူလိုင် ၂၇
ဩစတြေးလျနိုင်ငံ အနောက်တောင်ပိုင်း ချေးနက်စ်ကမ်းခြေတွင် ညလုံးပေါက် သောင်တင်နေခဲ့သည့် ဝေလငါး ၅၁ ကောင် သေဆုံးသွားပြီဟု နိုင်ငံအနောက် တောင်ပိုင်းရှိ ဇီဝမျိုးကွဲ၊ ထိန်းသိမ်းရေးနှင့် ဆွဲဆောင်မှုဌာနက ဇူလိုင် ၂၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပန်းခြံနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ဝန်ထမ်းများသည် ကျန်ရှိနေသည့် ဝေလငါး ၄၆ ကောင်ကို ရေနက်ပိုင်းသို့ ပြန်ပို့ပေးနိုင်ရေး တစ်နေ့လုံး ကြိုးပမ်းခဲ့ကြသည်ဟု ဇီဝမျိုးကွဲ ထိန်းသိမ်းရေးနှင့် ဆွဲဆောင်မှုဌာန (ဒီဘီစီအေ)က ပြောသည်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေသဖြင့် ပြည်သူများ ကမ်းခြေသို့မလာရန်လည်း အဖွဲ့ဝင်များက တိုက်တွန်းထားသည်။ တိရစ္ဆာန် ဆေးကုဆရာဝန်များနှင့် အဏ္ဏဝါ တိရစ္ဆာန်ဆေးကု ဆရာဝန်များ၊ ဒီဘီစီအေမှ ကျွမ်းကျင်သူများ အပါအဝင် ဝန်ထမ်းများကို တပ်ဖြန့်ချထားသည်ဟု လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသည်။
ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် အကောင်ရေများပြားသည့် ဝေလငါးအုပ်ကြီးသည် ချေးနက်စ်ကမ်းခြေ မီတာ ၁၅၀ အကွာခန့်တွင် ရောက်ရှိနေပြီဟု (ဒီဘီစီအေ) ထံ သတင်းပို့ပေးချက် ရောက်ရှိလာသည်။
ဝေလငါး အစုလိုက်အပြုံလိုက် သောင်တင်နေသည့် ဖြစ်ရပ်ကြောင့် ဩစတြေးလျအနောက် ပိုင်းပြည်နယ်အစိုးရက ငါးမန်းသတိပေးချက် ထုတ်ပြန်စေခဲ့ပြီး သေဆုံး၊ ဒဏ်ရာရရှိသည့် တိရစ္ဆာန်များက ကမ်းခြေသို့ ငါးမန်းများကို ပိုမိုနီးကပ်လာစေရန် ဆွဲဆောင်နိုင်သည့် ပြဿနာရပ်များ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။
ဆင်ဟွာ