မေ ၂၃
ဩစတြေးလျနိုင်ငံအရှေ့ပိုင်း နယူးဆောက်ဝေးလ်ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
နယူးဆောက်ဝေးလ်ပြည်နယ်၏မြို့တော်ဆစ်ဒနီ၏အရှေ့မြောက်ဘက် ကီလိုမီတာ ၄၅၀ အကွာခန့် နာနာဂျီလန်မြို့ငယ်လေးအနီး ရေကြီးမှုတွင် ကားတစ်စီးအတွင်းသေဆုံးနေသော အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။
ဆစ်ဒနီမြို့၏အရှေ့မြောက်ဘက် ကီလိုမီတာ ၄၃၀ အကွာ ဘရွတ်လာနာမြို့အနီး ရေကြီးမှုတွင် ယာဉ်တစ်စီးပေါ်မှ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိကြောင်း ယမန်နေ့ညပိုင်းက ၎င်းရဲတပ်ဖွဲ့က ပြောကြားသည်။
ရေကြီးမှုဖြစ်ပွားနေစဉ် မေ ၂၁ ရက်နေ့က ယာဉ်မောင်းနှင်နေရာမှပျောက်ဆုံးသွားသော အသက် ၃၄ နှစ်အရွယ်အမျိုးသားတစ်ဦးကို မေ ၂၂ ရက်မနက်ပိုင်းတွင် သေဆုံးလျက်ရှိသည်ကိုတွေ့ရှိခဲ့ပြီး အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို မေ ၂၁ ရက်မွန်းလွဲပိုင်းက တွေ့ရှိခဲ့သည်ဟု သိရသည်။
ရေလွှမ်းနေသောကားလမ်းအနီး လမ်းလျှောက်ရင်းနေအိမ်သို့ပြန်လာရာလမ်းတွင် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး မေ ၂၁ ရက်ညနေပိုင်းက ပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။ မေ ၁၈ ရက်မှစတင်ကာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ၆၇၈ ကြိမ်လုပ်ဆောင်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်သူ ၅၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို