ဒီဇင်ဘာ ၂၀
ဩစတြေးလျနိုင်ငံ၏ မြို့တော်တွင် အသက်ငါးနှစ်မှ ၁၁နှစ်အရွယ်များ ကာကွယ်ဆေးထိုးနှံရန် ကြိုတင်စာရင်းသွင်းမှုများအား ယနေ့တွင် လက်ခံဆောင်ရွက်သည်။
မြို့တော်ကျန်းမာရေးဝန်ကြီးရာချယ်စတီဖင်စမစ်က ကလေးငယ်များသည် ကိုဗစ်-၁၉ ရောဂါ၏ ပိုမိုပြင်းထန်သောသက်ရောက်မှုကို ခံစားရမှုလျော့နည်းဖွယ်ရှိသော်လည်း ကလေးငယ်များအကြား ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ထိုကာကွယ်ဆေးသည် ကိုဗစ်ရောဂါသက်ရောက်မှုမှပိုမိုကာကွယ်ပေးသောကြောင့် မြို့တော်ကင်ဘာရာရှိ မိဘများသည် ၎င်းတို့၏သားသမီးများကို ကာကွယ်ဆေးထိုးနှံပေးရန် စိတ်အားထက်သန်နေကြသည်ကို သိရှိပါကြောင်း ၎င်းကပြောကြားသည်။
ဖိုက်ဇာကိုဗစ်ကာကွယ်ဆေးသည် အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်များအား ဘေးကင်းပြီးထိရောက်မှုရှိသည့် ကာကွယ်ဆေးဖြစ်ကြောင်း အတည်ပြုထားသော်လည်း မိဘများနှင့်စောင့်ရှောက်သူများအနေဖြင့် ၎င်းတို့၏ကလေးများအတွက် ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်ပြီး မေးခွန်းများမေးလိုပါက ၎င်းတို့၏ယုံကြည်ရသောကျန်းမာရေးပညာရှင်နှင့် ဆွေးနွေးသင့်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်မှုနှင့် ဆေးရုံတက်လူနာများ ထပ်မံများပြားလာရာ ယနေ့တွင်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၀၀ နီးပါးရှိသည်။ အဆိုပါရောဂါကူးစက်ဖြစ်ပွားသူများမှာ နယူးဆောက်ဝေးပြည်နယ်တွင် ၂၅၀၁ ဦးနှင့်ဗစ်တိုးရီးယားတွင် ၁၃၀၂ ဦးတို့ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို