ဇန်နဝါရီ ၁၈
ဩစတြေးလျနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးမှုအများဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပြီး ကူးစက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
နယူးဆော့သ်ဝေးပြည်နယ်မှသေဆုံးသူ ၃၆ ဦးအပါအဝင် ပြည်နယ်သုံးခုတွင် ရောဂါကူးစက်မှု အဆိုးရွားဆုံးဖြစ်ကာ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၄ ဦးရှိရာ တစ်ရက်အတွင်း သေဆုံးသူဦးရေ စံချိန်တင်မြင့်မားခဲ့သည်။
နယူးဆော့သ်ဝေးပြည်နယ်ဝန်ကြီးချုပ် ဒိုမီနစ်ပါရော့တတ်က ကိုဗစ်ရောဂါကူးစက်မှုများလျင်မြန်စွာဖြစ်ပွားနေပြီး ရောဂါကူးစက်ခံရသူနှင့်အနီးကပ်ထိတွေ့မှုရှိသူများ သီးခြားနေထိုင်ခြင်းအပါအဝင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။
ယမန်နေ့က နယူးဆော့သ်ဝေးပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၂၉၈၃၀ ရှိပြီး ဆေးရုံများတွင် ကုသမှုခံယူနေသူဦးရေ ၂၈၅၀ ရှိသည်။
ဗစ်တိုးရီးယားပြည်နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၂၀၁၈၀ ရှိပြီး ၂၂ ဦးထပ်မံသေဆုံးခဲ့သည်။ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၂၇ ဦးအပါအဝင် ဆေးရုံများတွင် ကုသမှုခံယူနေသူ ၁၁၅၂ ဦး ရှိသည်။
ကွင်းစလန်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၉၆၂ ဦးထပ်မံတွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၁၆ ဦး ရှိသည်။ ဆေးရုံတက်ကုသမှုခံယူနေသူ ယမန်နေ့က ၇၀၂ ဦးရှိရာမှ ယနေ့တွင် ၈၁၉ ဦးအထိ မြင့်တက်လာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို