ဩစတြေးလျနိုင်ငံ၌ ကိုဗစ် -၁၉ကြောင့် သေဆုံးသူ ၄ဝဝ ကျော်ရှိလာ

ကင်ဘာရာ ၁၈ ဩဂုတ်

 

ဩစတြေးလျနိုင်ငံ၌ ကိုဗစ် - ၁၉ကြောင့် သေဆုံးသူအရေအတွက်မှာ ဩဂုတ် ၁၇ ရက်တွင် ၄၀၀ ကျော်လွန် သွားပြီဟုသိရသည်။

 

ဗစ်တိုးရီးယား ပြည်နယ်တွင် ကိုဗစ်- ၁၉ကြောင့် သေဆုံးသူ ၂၅ ဦး တိုးလာသည့်အတွက် စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၄၂၁ ဦး အထိရှိကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

 

သေဆုံးသူ ၂၅ ဦးတွင် ၂၂ ဦးမှာ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမှဖြစ်သည်ဟု ဗစ်တိုးရီးယား ပြည်နယ် ဝန်ဆောင်မှုနှင့် ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်သည်။

 

သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာများနှင့် ဆက်စပ်ကာ ကူးစက်ခံရသူပေါင်း ၁၉၉၉ ဦးရှိပြီး ပြည်နယ်အတွင်း ကျန်းမာရေးဝန်ထမ်း ၁၀၆၄ ဦးတွင်လည်း ကိုဗစ် - ၁၉ ကူးစက်ခံထားရကြောင်း ကျန်းမာရေးဌာနကပြောသည်။

 

ဗစ်တိုးရီးယား ပြည်နယ်တွင် သေဆုံးမှုနှုန်း တိုးနေသော်လည်း ကူးစက်မှုနှုန်းမှာမူ လျော့ကျနေပြီဟု သိရသည်။ ဩစတြေးလျနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှု ၂၃၅၅၉ ဦးရှိပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက် ခံရသူ ၂၉၀ ထပ်မံတွေ့ရှိခဲ့သည်ဟု ဩစတြေးလျနိုင်ငံ ဆေးဘက်ဆိုင်ရာ ဒုတိယအကြီးအကဲ ဖြစ်သူ နစ်ခ်ကို့စ်ဝေါ့ က ဩဂုတ် ၁၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 

နောက်ထပ်ကူးစက်ခံရသူ ၂၉၀ တွင် ဗစ်တိုးရီးယားပြည်နယ်မှ ကူးစက် ခံရသူ ၂၈၂ ဦးရှိသည့်အတွက် ဇူလိုင် ၁၅ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေ့စဉ်ကူးစက်မှု ၃၀၀ အောက် ကျဆင်းလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ဆင်ဟွာ