နိုဝင်ဘာ ၁၇
ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရှိ ကျန်းမာရေးအာဏာပိုင်များက လာမည့်နွေရာသီကာလအတွင်း အပူချိန်ပိုမိုမြင့်မားနိုင်သဖြင့် ကြိုတင်စီစဉ်ထားရန် ဒေသခံပြည်သူများအား တိုက်တွန်းပြောကြားထားသည်။
အပူချိန်ပိုမိုမြင့်မားမှုသည် အပြင်းအထန်ဖျားနာနိုင်ပြီး အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်ကြောင်း နယူးဆောက်ဝေး ပြည်နယ် ကျန်းမာရေးဌာနအကြီးအကဲ ကာရီချန့်က သတိပေးပြောကြားသည်။
နယူးဆောက်ဝေးကျန်းမာရေးဝန်ကြီးဌာနက ရာသီဉတုပူပြင်းမှုနှင့်ဆက်နွယ်သည့်ဖျားနာမှုလက္ခဏာများနှင့် ပူပြင်းသော နွေရာသီတွင်ကျန်းမာရေးနှင့်အညီနေထိုင်မှုဆိုင်ရာ အရေးကြီးသောသတင်းအချက်အလက်များကို ပြည်သူများ သိရှိစေရန် နှိုးဆော်မှုများ စတင်လုပ်ဆောင်ခဲ့သည်။
အပူနှင့်ဆက်စပ်သည့်ဖျားနာမှုတွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်တက်ခြင်းလက္ခဏာများပါဝင်သည်ဟု သိရသည်။
အဆိုပါလက္ခဏာရှိသူများအနေဖြင့် အရိပ်ရသောနေရာ၊ လေအေးပေးစက်ရှိသောနေရာတွင် နေထိုင်ရန်၊ နေပူသို့မထွက်ရန်၊ ဖြစ်နိုင်ပါက ရေအေးဖြင့်ရေချိုးရန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။
မိုးလေဝသဌာန၏ခန့်မှန်းချက်အရ ဩစတြေးလျနိုင်ငံမြောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း မိုးရေချိန် ပျမ်းမျှအောက်လျော့နည်းဖွယ်ရှိသည်ဟု သိရသည်။
အယ်လ်နီညိုရာသီဉတုသည် အပူပိုင်းပစိဖိတ်ဒေသတွင် ဆက်လက်ဖြစ်ပေါ်နေသဖြင့် နိုင်ငံအများအပြားတွင် သာမန်အပူချိန်ထက် အနည်းဆုံး ၂ ဒသမ ၅ ဆ ပိုမိုမြင့်မားဖွယ်ရှိသည်ဟု မိုးလေဝသဌာနကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို