ဆစ်ဒနီ မတ် ၁၉
ဩစတြေးလျနိုင်ငံ၌ လောင်စာဆီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီးချုပ် အန်ထော်နီ အယ်ဗားနိစ်က မတ် ၁၉ ရက်တွင် ကြေညာခဲ့သည်။
နိုင်ငံ၏ လောင်စာဆီထောက်ပံ့ရေး ကွင်းဆက်တည်ငြိမ်ရေးအတွက် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက နိုင်ငံအတွင်းရှိ ဒေသဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။ နိုင်ငံအတွင်း လောင်စာဆီလုံလောက်ရေးအတွက် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ထားကြောင်း ၎င်းက ပြောကြား သည်။
နိုင်ငံသားများအနေဖြင့် လောင်စာဆီကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းမပြုခြင်းဖြင့် ကူညီကြရန် ၎င်းက ပန်ကြားခဲ့သည်။ ဩစတြေးလျနိုင်ငံ စွမ်းအင်လုပ်ငန်းအဖွဲ့နှင့် စွမ်းအင်ဖူလုံရေးဘုတ်အဖွဲ့၏ အမှုဆောင်ချုပ်ဟောင်း အမ်တီအေ ဟဲရစ်အား အမျိုးသားလောင်စာဆီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့၏ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ပြီး နိုင်ငံအတွင်းရှိ ဒေသအသီးသီးတွင်လည်း လောင်စာဆီထောက်ပံ့ရေးအဖွဲ့လုပ်ငန်းအဖွဲ့ဆိုင်ရာ ညှိနှိုင်းရေးမှူးများကို ခန့်အပ်မည်ဟု သိရသည်။ ယင်းလုပ်ငန်းအဖွဲ့သည် နိုင်ငံအတွင်းရှိ ဒေသများတွင် လောင်စာဆီဖူလုံရေးနှင့် ထောက်ပံ့ရေးကွင်းဆက်များခိုင်မာရေးအတွက် ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ ဒေသများတွင် လောင်စာဆီဖြန့်ဖြူးရာတွင် မလျော်ညီသည့် ဆောင်ရွက်ချက်များရှိကြောင်း ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ လောင်စာဆီထောက်ပံ့ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ


