ဇူလိုင် ၂၈
ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်ရှိ လေယာဉ်ကွင်းတစ်ခုတွင် လေယာဉ်ငယ်နှစ်စင်း တိုက်မိပြီးနောက် လူနှစ်ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
အဆိုပါလေယာဉ်နှစ်စင်းသည် ဘရစ်ဘိန်းမြောက်ပိုင်း Caboolture လေယာဉ်ကွင်း၏အရှေ့ဘက်စွန်းတွင် တိုက်မိခဲ့သည်ဟု ယနေ့မနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကွင်းစလန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။
အရှေ့ဘက်စွန်းတွင် ပျံတက်နေသော လေယာဉ်တစ်စင်းတွင် သေဆုံးသူ နှစ်ဦးပါရှိကြောင်းနှင့်သေဆုံးသူနှစ်ဦး မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ရန်ကြိုးစားလုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ အခြားလေယာဉ်ပေါ်ရှိ လူတစ်ဦးက လေယာဉ်မတော်တဆဖြစ်မှုကိုအတိအကျသိရှိနိုင်ရန် စုံစမ်းစစ်ဆေးသူများနှင့် ရဲတပ်ဖွဲ့တို့အား လတ်တလော အကူအညီပေးလျက်ရှိသည်။
ကွင်းစလန်ရဲတပ်ဖွဲ့ ဝန်ကြီး မက်ရန်က လေယာဉ်နှစ်စင်းသည် မြေပြင်နှင့် နီးကပ်စွာ တိုက်မိခဲ့ကြောင်း လူအများအပြား မျက်မြင်တွေ့ရှိခဲ့ရပြီး အခြားလေယာဉ်ပေါ်တွင် လိုက်ပါလာသူမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ကွင်းစလန်ရဲတပ်ဖွဲ့၏ပြောကြားချက်အရ စုံစမ်းစစ်ဆေးသူများသည် ကွင်းစလန်လူနာတင်ယာဉ်မှအမှုထမ်းများ၊ မီးသတ်နှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုအဖွဲ့များနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိနေပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မှုခင်းဆေးပညာဌာနကို ခေါ်ယူထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို