အောက်တိုဘာ ၄

ဩစတြေးလျနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သည့် နယူးဆောက်ဝေးလ်ပြည်နယ်( အင်န်အက်စ်ဒဗလျူ)တွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုမြင့်တက်လာသဖြင့် မျောက်ကျောက်ရောဂါကာကွယ်ဆေးထိုးနှံကြရန် ကျန်းမာရေး အာဏာပိုင်များက ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

အဆိုပါပြည်နယ်တွင် ၂၀၂၂ ခုနှစ် မေလက မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် ဇွန်လ ၁ ရက်နောက်ပိုင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၄၃၃ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ယမန်နေ့က ဖော်ပြထားသည်။

နယူးဆောက်ဝေးလ်ပြည်နယ်သည် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ်ဖြစ်သည်ဟုသိရသည်။ ထိုရောဂါ ဖြစ်ပွားသူများအနက် ၃၇ ရာခိုင်နှုန်းသည် ရောဂါကာကွယ်ဆေး နှစ်ကြိမ် အကြိမ်ပြည့်ထိုးနှံပြီးသူများဖြစ်ပြီး ၁၄ ရာခိုင်နှုန်းသည် ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးနှင့် ၄၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးရသေးသူများဖြစ်သည်။

ယင်းပြည်နယ်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအရေအတွက်မြင့်တက်လျက်ရှိရာ ၎င်းတို့၏ရောဂါလက္ခဏာ ပြင်းထန်မှုကြောင့် ဆေးရုံတက်ကုသမှုခံယူနေသူ ၂၆ ဦး ရှိသည်ဟု ပြည်နယ်ကျန်းမာရေးဌာနက အကြီးအကဲကပြောသည်။

ဆေးရုံတက်ကုသမှုခံယူနေသူအများစုမှာ ကာကွယ်ဆေးမထိုးနှံရသေးသူများ သို့မဟုတ် ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူများဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများမှာ ရောဂါပြင်းထန်မှုမရှိ၊ ရောဂါဖြစ်ပွားချိန်တိုတောင်းသည်ဟု သိရသည်။

ဩစတြေးလျနိုင်ငံတွင် ၂၀၂၃ ခုနှစ်က မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၆ ဦး ရှိကြောင်းအတည်ပြုထားသည်။ နိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးဖြစ်သော ဗစ်တိုးရီးယားပြည်နယ်တွင် ဧပြီလနောက်ပိုင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၂၀ ရှိကြောင်း အတည်ပြုဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို