၂၂ ဇွန်
ဩစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မဲလ်ဘုန်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တကျော့ပြန် ကူးစက်မှာကို စိုးရိမ်နေတဲ့အတွက် ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်နေစဉ်မှာ ဩစတြေးလျနိုင်ငံသားတွေကို မဲလ်ဘုန်းမြို့ကို မသွားဖို့ ဒီနေ့(တနင်္လာနေ့) မှာ သတိပေးမှုတွေ လုပ်ဆောင်နေပါတယ်။
ဗစ်တိုးရီးယားပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၁၀ ဦးရှိခဲ့ရာ အများစုက မဲလ်ဘုန်းမြို့မှာရှိနေကြောင်း သိရပါတယ်။
အိမ်နီးချင်း နယူးဆောက်ဝေးလ်ပြည်နယ်မှာ နေထိုင်တဲ့သူတွေအား မဲလ်ဘုန်းကို သွားရောက်လည်ပတ်မယ်ဆိုရင် သေချာစဉ်းစားဖို့၊ အခုအခြေအနေဟာ ဗိုင်းရပ်စ်ပိုးပျံ့ရာ ဗဟိုကို မသွားသင့်ကြောင်း နယူးဆောက်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ်က သတိပေးနေပါတယ်။
ဗစ်တိုးရီးယားပြည်နယ် တာဝန်ရှိသူတွေက စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့် ပိုမိုခွင့်ပြုလာပေမယ့် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကြောင့် အိမ်တွေမှာ လူစုလူဝေး ပြုလုပ်မှုတွေကိုတော့ တင်းကျပ်လိုက်ပါတယ်။
မဲလ်ဘုန်းမြို့ရှိ စတမ်းဖို့ဒ် ပလာဇာဟိုတယ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများအပြားကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဟိုတယ်ဟာ နိုင်ငံခြားမှ ပြန်လာသူတွေကို သီးသန့်စောင့်ကြည့်မှုအောက်မှာ ထားရှိတဲ့နေရာအဖြစ် အသုံးပြုခဲ့ဖူးကြောင်း သိရပါတယ်။
အားကစားသမားတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရပြီးနောက် မဲလ်ဘုန်းမှာ ကျင်းပမယ့် Australian Rules ပွဲစဉ်ကိုလည်း ရွေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
ဩစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇,၅၀ဝ နီးပါရှိပြီး သေဆုံးသူဟာ ၁၀၂ ဦးရှိပါတယ်။ ဩစတြေးလျနိုင်ငံရဲ့ တချို့ပြည်နယ်တွေဟာ ဗိုင်းရပ်စ်ပိုးကင်းစင်တဲ့ ဒေသများအဖြစ် ကြေညာထားကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP