၂၁ နိုဝင်ဘာ
ဩစတြီးယား အစိုးရက ကိုရိုနာ ဗိုင်းရပ်စ်ပိုး စစ်ဆေးကိရိယာ antigen test ၇ သန်း မှာယူထားကြောင်း သောကြာနေ့က ကြေညာလိုက်ပါတယ်။ ရောဂါပိုး ရှိ၊မရှိ လူအများအပြားကို စစ်ဆေးပေးရန် အခုလို မှာယူဖြစ်ကြောင်းနဲ့ ဦးစားပေး အနေနဲ့ ဆရာ၊ ဆရာမတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှုများ နေတဲ့အတွက် နိုင်ငံကို ဒုတိယအကြိမ် အသွားလာ ကန့်သတ်ထားရပါတယ်။
ဆရာ၊ ဆရာမနဲ့ မူလတန်းကြို ဆရာ၊ ဆရာမ ၂၀၀,၀၀၀ လောက်ကို ဒီဇင်ဘာ ၅ နဲ့ ၆ ရက်နေ့မှာ ပိုးစစ် ဆေးမယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၀၀,၀၀၀ လောက်ကို ဒီဇင်ဘာ ၇ နဲ့ ၈ ရက်နေ့မှာ ပိုးစစ်ဆေးဖို့ ပြင်ဆင်ထားပါတယ်။
ဒီဇင်ဘာ ပထမပတ်မှာ ရောဂါပိုး ကူးစက်မှုများနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို စစ်ပေးသွားမယ်လို့ ဆိုပါတယ်။
ခရစ်စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်တွေအတွက် အခုလို ပိုးစစ်ဆေးမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။
ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ ဆိုင်တွေ ဒီဇင်ဘာ ၆ ရက်နေ့အထိ ပိတ်ထားရန် ပြီးခဲ့တဲ့ စနေနေ့က ဝန်ကြီးချုပ်က ကြေညာထားပြီး ဖြစ်ပါတယ်။
ရောဂါပိုး စစ်ဆေးရန်အတွက် လူတိုင်း ပါဝင်ရမယ်ဆိုတဲ့ အမိန့်မရှိဘဲ နိုင်ငံသားတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပါဝင်ရမှာ ဖြစ်တဲ့အတွက် အားလုံး ပါဝင်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။
ဩစတြီးယား နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၂၃၅,၃၅၁ ဦးနဲ့ သေဆုံးသူ ၂,၂၂၄ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
