၁၇ စက်တင်ဘာ

ဂျပန်အိမ်ရှေ့မင်းသား နှင့် မင်းသမီး အကီချီနို ၏ ဒုတိယမြောက် သမီးတော် ဖြစ်သော မင်းသမီး ကာကို သည် ဩစတြီးယား သမ္မတ အလက်အန်ဒါ ဗန် ဒါ ဘဲလ်လန် ကို ဂါရဝပြုသွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၁၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဩစတြီးယားနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ဤခရီးစဉ်သည် သူ၏ တရားဝင်သွားရောက်သည့် ပထမဆုံးသော ပြည်ပခရီးစဉ် ဖြစ်သည်။

သမ္မတ အလက်အန်ဒါ ဗန် ဒါ ဘဲလ်လန် က ကီမိုနိုဝတ်စုံ ဝတ်ဆင်ထားသော မင်းသမီး ကာကို ကို ယမန်နေ့က ဗီယင်နာမြို့ သမ္မတရုံး၌ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ထင်ရှားကျော်ကြားသော ဗီယင်နာ သံစုံတီးဝိုင်း နှင့် ဗီယင်နာ လူငယ်လေးများ ဓမ္မတေး သံစုံကျူး အဖွဲ့ဖြင့် ဂျပန်နိုင်ငံတွင် ဖျော်ဖြေခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် သမ္မတက ပြောဆိုခဲ့သည်။

မင်းသမီး ကာကို က ယင်းကဲ့သို့ ထုံးတမ်းဓလေ့ ယဉ်ကျေးမှုပွဲများရှိသည့်အတွက်  အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။

ဘုရင် နာရူဟီတိုနှင့်ဘုရင်မ မာဆာကို တို့ထံမှ နှစ်နိုင်ငံဆက်ဆံရေး မြဲမြံခိုင်မာစေဖို့မျှော်လင့်ကြောင်း အမှာစကားကို မင်းသမီး ကာကို က တစ်ဆင့်စကား ပြောကြားခဲ့သည်။

ထိုနှစ်ပတ်လည် အထိမ်းအမှတ်ပွဲ၏ ကဏ္ဍတစ်ခုအနေဖြင့် ကျင်းပမည့်ယနေ့တွင် မင်းသမီး ကာကို သည် ဂျပန်သံအမတ်ကြီး၏နေရာ၌  မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း သိရသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို

 

mdn