၃ နိုဝင်ဘာ
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့လယ်တွင် ယမန်နေ့ညနေပိုင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အရပ်သားနှစ်ဦးထက်မနည်းသေဆုံးပြီး လူအများအပြား ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်ဟု ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။
ဗီယင်နာမြို့ Seitenstettengasse ဘုရားကျောင်းအနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကတွစ်တာတွင် အစောပိုင်းက ရေးသားထားသည်။
အဆိုပါ ပစ်ခတ်မှုသည် အကြမ်းဖက်တိုက်ခိုက်မှုဟု ယူဆရပြီး သေနတ်များကိုင်ဆောင်ထားသည့် သံသယရှိသူအများအပြားနှင့် မတူညီသော နေရာခြောက်နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတစ်ဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့ပြီး ရဲအရာရှိတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ရဲတပ်ဖွဲ့က ပြည်သူများအား မြို့တော်ရှိ အများပြည်သူနှင့်သက်ဆိုင်သောနေရာများ အားလုံးကို ရှောင်ရှားကြရန် တွစ်တာတွင် ရေးသားထားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က ယင်းတိုက်ခတ်မှုများကို ယမန်နေ့က ပြင်းထန်စွာရှုတ်ချခဲ့ပြီး ဩစတြီးယားအစိုးရ၊ ပြည်သူများနှင့်အတူ ကုလသမဂ္ဂ၏ပေါင်းစည်းညီညွတ်မှုကို ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို