ဗီယင်နာ ဇွန် ၁၀
ဩစတြီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဂရက်ဇ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဇွန် ၁၀ ရက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်ကြောင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအပါအဝင် အများအပြား ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဒေသမီဒီယာက ကိုးကားဖော်ပြထားသည်။ ဩစတြီးယားနိုင်ငံ၏ ထိပ်တန်းသတင်းစာတစ်စောင်ဖြစ်သည့် ခရိုနန် ဇိုက်တွန်၏ ဖော်ပြချက်အရ ပစ်ခတ်မှုမှာ လန်းခရိုင်ရှိ BORG စာသင်ကျောင်းတွင် ဇွန် ၁၀ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က သေနတ်သမားဟု သံသယရှိသူမှာ BORG ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်အမျိုးသားဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါသံသယရှိသူမှာ မိမိကိုယ်ကို သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဇွန် ၁၀ ရက် က စာသင်ကျောင်းပစ်ခတ်မှုမှာ ဩစတြီးယားနိုင်ငံ သမိုင်းတွင် အပြင်းထန်ဆုံး ပစ်ခတ်မှုများထဲမှ တစ်ခုဖြစ်သည်ဟု ခရိုနန်ဇိုက်တွန်တွင် ဖော်ပြ ထားသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ဒေသတွင်းရဲတပ်ဖွဲ့များကို စေလွှတ်ထားကြောင်း၊ ရဟတ်ယာဉ် တစ်စင်းကိုလည်း ဖြန့်ကြက်ထားကြောင်း၊ စာသင်ကျောင်းအတွင်းရှိသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပြီးဖြစ်ကြောင်းနှင့် နောက်ထပ်အန္တရာယ်မရှိတော့ကြောင်း ဒေသရဲတပ်ဖွဲ့က လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။
ဩစတြီးယားနိုင်ငံတောင်ပိုင်း စတိုင်ရီယာ ပြည်နယ်၏ မြို့တော် ဂရက်ဇ်သည် ကောလိပ် လေးခုနှင့် တက္ကသိုလ်လေးခုရှိသည့်အတွက် ကောလိပ်နှင့် တက္ကသိုလ်မြို့အဖြစ် လူသိများသည်။
ဆင်ဟွာ