၁ နိုဝင်ဘာ
ဩစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းကို ထိန်းချုပ်ရန် ညမထွက်ရ အမိန့်နဲ့ ပိတ်ပင်မှုတွေကို လာမယ့်သီတင်းပတ်ကနေ နိုဝင်ဘာလကုန်ပိုင်း အထိ ပြဋ္ဌာန်းမှာဖြစ်ကြောင်း စနေနေ့က ကြေညာပါတယ်။
ဩစတြီးယား ဝန်ကြီးချုပ် က ဗိုင်းရပ်စ်ပိုး ထိန်းချုပ်မှုကို လာမယ့် အင်္ဂါနေ့ကနေ နိုဝင်ဘာလကုန်အထိ လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ ညမထွက်ရ အမိန့်ဟာ ည ၈ နာရီမှ နံနက် ၆ နာရီ အထိ အသက်ဝင်ကြောင်း၊ ညမထွက်ရ အမိန့်ဟာ အရေးကြီး အလုပ်လုပ်ရန် အတွက်မှ လွဲပြီး အားလုံးအပေါ်မှာ တားမြစ်ထားကြောင်း၊ အားကစား၊ ယဉ်ကျေးမှု နဲ့ အပန်းဖြေအပါအဝင် အခမ်းအနားအားလုံး ကျင်းပခွင့် မရှိကြောင်း၊ စားသောက်ဆိုင်တွေဟာ ပါဆယ်ရောင်းခွင့်သာ ရှိကြောင်း ပြောပါတယ်။
ရုံးလုပ်ငန်းတွေကို နေအိမ်တွေမှသာ လုပ်ရန် တိုက်တွန်းထားပါတယ်။ ဗိုင်းရပ်စ်ပိုး ပထမလှိုင်း ထိန်းချုပ်စဉ်ကနဲ့ မတူဘဲ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေ အွန်လိုင်းမှ သင်ကြားဖို့ ညွှန်ကြားထားပေမယ့် မူလတန်းကြိုကျောင်းနဲ့ တခြားကျောင်းတွေ အားလုံးကို ဆက်လက် ဖွင့်ထားခွင့်ရှိမယ်လို့ သိရပါတယ်။
၂၄ နာရီအတွင်း သောကြာနေ့ (အောက်တိုဘာ ၃၀) က ဗိုင်းရပ်စ်ပိုးတွေ့သူ ၅,၆၂၇ ဦးရှိကြောင်း၊ စနေနေ့ (အောက်တိုဘာ ၃၁) မှာ ပိုးတွေ့သူ ၅,၄၃၉ ဦး တွေ့ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အောက်တိုဘာလဆန်းပိုင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ တစ်နေ့လျှင် ၁,၀၀၀ ကျော်သာ ရှိခဲ့တာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP