ရန်ကုန် ၂ နိုဝင်ဘာ
KAICIID နိုင်ငံတကာ ဒိုင်ယာလော့စင်တာနှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်တို့ ဖိတ်ကြားချက်အရ ဩစတြီးယားနိုင်ငံ ဗီယက်နာမြို့ Grand Hotel Wien တွင် အောက်တိုဘာ (၃၀)မှ (၃၁)ရက်အထိ ကျင်းပသည့် “အမုန်းစကား တိုက်ဖျက်ရေး ဆိုင်ရာ ညီလာခံ”(KAICIID Conference on Countering Hate Speech ) ကို ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သော မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့မှ နိုင်ငံတကာရေးရာ အမျိုးသား ညှိနှိုင်းရေးမှူး ဦးကောင်းမြတ်ထူးသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ဒုတိယ ကင်းထောက်ချုပ် ဦးသာစိန်၊ နိုင်ငံတကာရေးရာ ကင်းထောက်မှူးချုပ် ဦးမောင်မောင်ဝင်းနှင့် ကင်းထောက်ကြီးများ၊ မိသားစုများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
“အမုန်းစကား တိုက်ဖျက်ရေး ဆိုင်ရာ ညီလာခံ”သို့ ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်မှ ကမ္ဘာ့နိုင်ငံ အသီးသီး ရှိ ကင်းထောက်လူငယ် ကိုယ်စားလှယ်များ တက်ရောက်ရန် အဖွဲ့ဝင် နိုင်ငံများထဲမှ နိုင်ငံ (၅)နိုင်ငံဖြစ်သော ဩစတြေးလျ၊ အာဂျင်တီးနား၊ ဘရားဇီး၊ မလေးရှားနှင့် မြန်မာနိုင်ငံမှ ကင်းထောက် လူငယ်ခေါင်းဆောင် (၅)ဦးကို ရွေးချယ်ခဲ့ရာ ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှ နိုင်ငံတကာရေးရာ အမျိုးသား ညှိနှိုင်းရေးမှူး ဦးကောင်းမြတ်ထူး တက်ရောက်ရန် ရွေးချယ်ခံရခြင်းဖြစ်သည်။
(သတင်းစဉ်)


