၂၁ ဒီဇင်ဘာ

 

 

ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇအသစ် လျင်မြန်စွာ ကူးစက်မှုများ ဖြစ်ပေါ်နေသဖြင့် ထိုနိုင်ငံမှ လေကြောင်း ခရီးစဉ်များကို ပိတ်ပင်ထားမည် ဖြစ်ကြောင်း ဩစတြီးယားက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

အဆိုပါ လေကြောင်း ခရီးစဉ်ကို မည်သည့်အချိန်တွင် မည်မျှကြာ ပိတ်ထားမည်ကိုမူ အသေးစိတ် မသိရှိရသေးကြောင်း ဒေသန္တရ မီဒီယာ၏ ဖော်ပြချက်အရ သိရသည်။

 

 

အင်္ဂလန်နိုင်ငံတွင် ရောဂါကူးစက်မှု ပျံ့နှံ့နေမှုများ လျင်မြန်စွာ ဖြစ်ပွားနေသဖြင့် ဩစတြီးယား နိုင်ငံက ယင်းသို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရားဝင် ရရှိသည့် အချိန်အထိ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇအသစ် ကူးစက်မှုကို ထိန်းချုပ်ရန် အင်မတန် ခက်ခဲလိမ့်မည် ဖြစ်သဖြင့် လန်ဒန်တွင် လပေါင်းများစွာ အသွားအလာ ကန့်သတ်ထားရမည့် အလားအလာ ရှိသည်ဟု ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့က ယမန်နေ့ အစောပိုင်းက ပြောကြားသည်။

 

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇအသစ်နှင့် ဆက်စပ် ကူးစက်မှုများ ဖြစ်ပွားလာသဖြင့် လန်ဒန်နှင့် အင်္ဂလန်၏ အခြားဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက် အဆင့် လေးကို စနေနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို