နေပြည်တော်၊ အောက်တိုဘာ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် e-Visa website (https://evisa.moip.gov.mm) ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်မှစတင်၍ တရားဝင်လွှင့်တင်ထားရှိပြီး ကမ္ဘာလှည့်ဗီဇာ )Tourist Visa) နှင့် လုပ်ငန်းဗီဇာ (Business Visa) ထုတ်ပေးခြင်းတို့ကို Electronic System ဖြင့် ခွင့်ပြုပေးလျက်ရှိသည်။
ယခုအခါ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူ ဖြစ်စေရန်အတွက် e-Visa website မှ Online ဖြင့် လျှောက်ထားရယူထားသည့် e-Visa (Business) ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအတွက် နေခွင့်သက်တမ်းတိုးခြင်း (Stay Extension) နှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) တို့ကို Online မှ လျှောက်ထားနိုင်ရန် e-Stay Extension website (https://estay. moip.gov.mm) ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်မှစတင်ကာ တရားဝင်လွှင့်တင်ရန် စမ်းသပ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
e-Visa (Business) ရယူထားပြီး Online e-Stay Extension လျှောက်ထားလိုသူများ အနေဖြင့် အသေးစိတ်သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နိုင်ငံခြားသားများရေးရာဌာန၊ ရုံးအမှတ် (၄၈) နေပြည်တော်၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၃၁၅၁၅ သို့လည်းကောင်း၊ အမှတ်(၁၁၂)၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့ရှိ နေခွင့်ပြည်ပြန်ဝင်ခွင့်ဌာနစိတ်၊ တယ်လီဖုန်းအမှတ် ၀၁-၈၃၇၂၉၀၃ သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


