သန်လျင် ၂၀ ဒီဇင်ဘာ
သမဝါယမတက္ကသိုလ်(သန်လျင်)၏ အရည်အသွေးစီမံခန့်ခွဲမှု ဦးစီးကော်မတီနှင့် AUN- QA တို့ ပူးပေါင်း၍ “Applied Approach to Designing and Implementing Outcomes- Based Education Framework Workshop” အလုပ်ရုံဆွေးနွေးပွဲကို သမဝါယမတက္ကသိုလ် (သန်လျင်) ဥတ္တရဆောင်ခန်းမတွင် ၁၇-၁၂-၂၀၁၉ ရက်မှ (၂၀-၁၂-၂၀၁၉)ရက် အထိ ၄ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် AUN-QA နှင့် သမဝါယမတက္ကသိုလ်များ၊ သမဝါယမ ကောလိပ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ယွန်းပညာကောလိပ်(ပုဂံ)မှ ဆရာ/ဆရာမ ၃၆ ဦးနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး Mr. Johnson Ong (AUN –QA Expert & Founder and Principal of Education Quality Intentional) နှင့် Dr. Jenny Nguyen Thi Ngoc (Accreditor in Viet-Nam and AUN-QA Assessor)တို့က ဦးဆောင် ဆွေးနွေးခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ရေးဆွဲရာ၌ Stakeholder များ၏ လိုအပ်ချက်များကို စစ်တမ်းများကောက်ယူရန် လိုအပ်ကြောင်း၊ ရလဒ် အခြေပြုပညာရေး၏ အခြေခံအတွေးအခေါ်များနှင့် Bloom's Taxonomy နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရန်အချက်များကို စာတွေ့၊ လက်တွေ့ အပြန်အလှန် လေ့လာဆွေးနွေးခဲ့ကြ ပါသည်။ သဘောသဘာဝမတူညီသော တက္ကသိုလ်/ကောလိပ်များမှ ဆရာ၊ဆရာမ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည့်အတွက် OBE နှင့် ပတ်သက်သည့် မတူကွဲပြားသော အယူအဆများကို အမြင်ချင်းဖလှယ်နိုင်ခြင်း၊ လက်ရှိသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများအပေါ် အကဲဖြတ်သုံးသပ်၍ AUN– QA စံနှုန်းများအတိုင်း အရည်အသွေးပြည့်စေရန် ညိှနှိုင်းအဖြေရှာခဲ့ကြပါသည်။ သက်ဆိုင်ရာ တက္ကသိုလ်/ ကောလိပ်များတွင် Outcomes- Based Education ကိုအခြေခံ၍ ASEAN University Network Quality Assurance စံနှုန်းများနှင့်အညီ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ပြုပြင်ရေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း က အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပေးကြသူများနှင့် AUN– QA Expert များကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ သင်တန်းသူ သင်တန်းသား ၃၆ ဦးအား ပါမောက္ခချုပ် နှင့် Mr. Johnson Ong တို့က AUN– QA အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
MDN