၂၂ ဧပြီ
Overtourism ဆိုသည်မှာ
Overtourism ဆိုသောစကားလုံးသည် ယနေ့ခေတ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် အလွန်ရေပန်းစားလာသော စကားလုံးဖြစ်လာပါသည်။ Overtourism သည် Overcrowding ဆိုသော စကားလုံးနှင့် ဆက်နွှယ်နေပြီး အဓိပ္ပာယ်မှာ ခရီးစဉ်ဒေသ တစ်ခုတွင် လက်ခံနိုင်သောပမာဏ(carrying capacity) ထက် ခရီးသွားဧည့်သည် အရေအတွက် ပိုမိုလာရောက်လည်ပတ်ခြင်းဖြစ်သည်။ Overtourism ဆိုသည်မှာ ခရီးစဉ်ဒေသတစ်ခု သို့မဟုတ် နေရာတစ်ခုရှိဒေသခံပြည်သူများ၏ လူနေမှုဘဝနှင့် လာရောက်သော ခရီးသွား ဧည့်သည်များ၏ ခရီးသွားအတွေ့အကြုံများအား အနုတ်လက္ခဏာဆောင်စေသော ခရီးသွားလုပ်ငန်းဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခုလည်း ဖြစ်ပါသည်။
ဆုလာဘ် သို့မဟုတ် ပြစ်ဒဏ်
ခရီးသွားလုပ်ငန်း၌ နာမည်ကျော်ကြားမှုသည် ဆုလာဘ်တစ်ခုဖြစ်နိုင်သကဲ့သို့ ပြစ်ဒဏ်တစ်ခုလည်း ဖြစ်နိုင်ပါသည်။ ဆိုလိုသည်မှာ ခရီးစဉ်ဒေသတစ်ခုသည် ခရီးသွားဧည့်သည်များအကြား လူသိများထင်ရှားလာသည်နှင့်အမျှ အဆိုပါဒေသသို့ ခရီးသည်များ ပိုမိုလာရောက်ခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းပေါများလာခြင်း၊ ဒေသ ခံပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာခြင်း စသည့် ကောင်းကျိုးများ ဖြစ်ထွန်းနိုင်သကဲ့သို့ တစ်ဖက်တွင်လည်း နာမည်ကျော်ကြားလာမှုကြောင့် ခရီးသွား ဧည့်သည်များ လက်ခံနိုင်သည်ထက် ပိုမိုလာရောက်သဖြင့် ခရီးသွားဧည့်သည်များကြောင့် ခရီးစဉ်ဒေသများ ပျက်စီးယိုယွင်းလာခြင်း၊ သဘာဝပတ်ဝန်းကျင်များ တဖြည်းဖြည်း ပျက်စီးလာခြင်း၊ ဒေသခံများ၏ လွတ်လပ်ခွင့်(Privacy)ကို ဝင်ရောက်စွက်ဖက်လာခြင်း၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုကိုကြောက်ရွံ့ခြင်း၊ နွေးထွေးပျူငှာစွာ မကြိုဆိုခြင်း(tourism phobia) စသည့် ဆိုးကျိုးများ ခံစားရနိုင်ပါသည်။
Overtourism ဖြစ်စေသောအကြောင်းရင်းများ
ခရီးစဉ်ဒေသတစ်ခုတွင် ခရီးသွားဧည့်သည်များ လိုအပ်သည်ထက် ပိုလျှံစွာလာရောက်ရခြင်းမှာ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခရီးစဉ်ဒေသ၏ နာမည်ထင်ရှား ကျော်ကြားမှုသည် အကြောင်းရင်းတစ်ခုဖြစ်ပြီး အရည်အသွေးထက် ခရီးသွားအရေအတွက်ကို အလေးထားခြင်း၊ ဈေးနှုန်းသက်သာသောလေကြောင်းလိုင်းများ ပေါများ လာခြင်း၊ ကောင်းမွန်သော ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများမရှိခြင်း၊ OTA (Online Travel Aget)များ ပေါများလာခြင်း စသည်တို့ကြောင့်လည်း ဖြစ်စေနိုင်ပါ သည်။
Overtourism ခံစားနေရသောနိုင်ငံများ
Overtourism ကို အများဆုံးကြုံတွေ့နေရသော နေရာများမှာ ခရီးသွားဧည့်သည်များ လာရောက်အလည်ပတ်ဆုံး စိတ်အဝင်စားဆုံးနေရာများ ဖြစ်ကြသည်။ ခရီးသည်များ ပိုလျှံစွာ လာရောက်လည်ပတ်ခြင်းသည် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်နေရာနှင့်တစ်နေရာ မတူညီကြပေ။ ဥလနမအသကမငျာ ကို ခံစားနေရသောနိုင်ငံများအနေဖြင့် ဒေသခံများ၏ ခရီးသွားလုပ်ငန်းကို ဆန့်ကျင်လာမှု၊ ခရီးသွားများ၏ လိုအပ်ချက်များကို စိတ်တိုင်းကျ မဖြည့်ဆည်းပေးနိုင်မှု၊ အခြေခံအဆောက်အအုံများ ထူထပ်များပြားလာမှု၊ ယဉ်ကျေးမှုအမွေအနှစ်များအား ခြိမ်းခြောက်လာမှု စသည်တို့ ကြုံတွေ့နေရပါသည်။ ဥပမာပြရလျှင် ဥရောပရှိ ခရီးသွားမြို့တော်ကြီးများဖြစ်သော အမ်စတာဒမ်၊ ဘာစီလိုနာ၊ ဂျူဗရိုနစ်နှင့် ဗီးနစ် စသည်တို့တွင် ကမ္ဘာလှည့်ခရီးသွားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာရောက်လျက်ရှိသည့်အတွက် Overtourism ကိုထိန်းချုပ်ရန် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒသစ်များ ချမှတ်ကာ လုပ်ဆောင်နေကြရပါသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်းနိုင်ငံရှိ မာယာကမ်းခြေ (Maya Beach)သည် “The Beach”ရုပ်ရှင် ဇာတ်ကားဖြင့်နာမည်ကြီးလာပြီး ကမ္ဘာလှည့်ခရီးသွားများအကြား စိတ်ဝင်စားမှုရှိကာ ခရီးသွားများ ပိုမိုလာရောက်ခဲ့သော်လည်း ၎င်း၏သဘာဝဂေဟစနစ် ထိခိုက်ယိုယွင်းလာမှုကြောင့် ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် မကြာသေးမီက ပိတ်ထားလိုက်ရသည်။
ထိုနည်းတူ ဖိလစ်ပိုင်နိုင်ငံရှိ ဘိုရိုကေးကမ်းခြေ (Borocay Beach)သည်လည်း ဖိလစ်ပိုင်နိုင်ငံရှိကမ်းခြေများအနက် အလှဆုံးကမ်းခြေတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် Travel+Leisure မဂ္ဂဇင်း၏ အကောင်းဆုံး ကမ်းခြေတစ်ခုအဖြစ် အသိအမှတ်ပြု ဖော်ပြခြင်းခံရပါသည်။ ၎င်းကမ်းခြေတစ်ခုတည်းပင်လျှင် ခရီးသွားဧည့်သည် နှစ်သန်းကျော်ထိ ရရှိခဲ့သော်လည်း၊ လျော့ရဲသော စီမံခန့်ခွဲမှုများ၊ ခရီးသွားဧည့်သည်များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်း၊ ခရီးသည်များမှစွန့်ပစ်သော အမှိုက်များကြောင့် ကမ်းခြေ၏အလှအပကိုပျက်စီးစေခြင်းစသည့် ဆိုးကျိုးများ တုံ့ပြန်ခံစားခဲ့ရသဖြင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် ခြောက်လတာ ခေတ္တခရီးသွားလာခွင့်ပိတ်ထားရသည်ကို တွေ့ရှိရပါသည်။ ဤအကျိုးဆက်ကြောင့်ပင် အဆိုပါဒေသကို မှီတည်နေသူများ၏ စီးပွားရေးအပေါ် ထိခိုက်ခံစားရသကဲ့သို့ ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေလည်းကျဆင်း ခဲ့ရသည်။ သို့သော် ဖိလစ်ပိုင်အစိုးရက ကမ်းခြေအား ပြန်လည်ဖွင့်လှစ်ပြီးနောက် လေကြောင်းလိုင်း ပျံသန်းမှုများကို ယခင်ထက်လျှော့ချခြင်း၊ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအား တာဝန်သိသော ခရီးသွားများဖြစ်စေရေး၊ ရေရှည်တည်တံ့သော ခရီးစဉ်ဒေသ ဖြစ်စေရေးအတွက် အသိပညာပေးအစီအစဉ်များပေးခြင်း၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးအတွက် အမှိုက်ပုံးများ အလုံအလောက်ထားရှိခြင်းစသည့် အစီအမံများကို အစီအစဉ်တကျ လုပ်ဆောင်ခဲ့ကြသည်။
ထို့အတူ ကိုရီးယားသမ္မတနိုင်ငံသည်လည်း တစ်နှစ်ထက်တစ်နှစ် ခရီးသွားဧည့်သည်များ လာရောက်လျက်ရှိပြီး ၂၀၁၇ခုနှစ်တွင် ခရီးသွားဧည့်သည် ၁၃ သန်းရရှိခဲ့ပါသည်။ ကိုရီးယားနိုင်ငံ၏ Overtourism ဖြစ်ပေါ်နေသည့်နေရာတစ်ခုမှာ ဘွတ်ချွန်း(Hanok Village) ဖြစ်သည်။ ဘွတ်ချွန်းသည် တိတ်ဆိတ်အေးချမ်းပြီး ကိုရီးယားရှေးရိုးရာ အိမ်များ စုစည်းထားရှိသောနေရာဖြစ်သည့်အပြင် ကိုရီးယားရိုးရာဝတ်စုံများ ငှားရမ်းဝတ်ဆင်ကာ ရိုးရာအိမ်များသို့ လှည့်ပတ်ကြည့်ရှုခြင်း၊ ကိုရီးယားရိုးရာယဉ်ကျေးမှုဓလေ့များအား လေ့လာနိုင်ခြင်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အလည်ပတ်ဆုံးနေရာတစ်ခု ဖြစ်နေသည်။ အစဦးပိုင်းတွင် ဒေသခံများမှ ခရီးသွားဧည့်သည်များ လာရောက်မှုကို လက်ခံသော်လည်း နောက်ပိုင်းတွင် ခရီး သွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်မှုကြောင့်၎င်းဒေသတွင် မြေဈေးများ၊ ငှားရမ်းခများ ထိုးတက်သွား ခြင်း၊ ခရီးသွားဧည့်သည်များ၏ ဆူညံစွာပြောဆိုခြင်း၊ စည်းကမ်းမရှိခြင်းတို့ကြောင့် ဒေသခံများမှ ၎င်းတို့၏ လွတ်လပ်ခွင့်ကို ထိခိုက်လာသဖြင့် “Tourists, go home”၊ “Your tourism kills my neighbor-hood” စသည့် ခရီးသွားများအား မကြိုဆိုသည့်ဆိုင်းဘုတ်များ စိုက်ထူခြင်းဖြင့် ခရီးသွားလုပ်ငန်းကိုဆန့်ကျင်ကန့်ကွက် လုပ်ဆောင်လာကြသည်။
ယခုအခါ ကိုရီးယားနိုင်ငံအစိုးရက ၎င်းဒေသသို့ခရီးသွားလာရောက်မှုကို အကန့်အသတ်ဖြင့် ခွင့်ပြုခြင်း၊ ခရီးသွားများအား စကားတိုးတိုးပြောရန်နှင့် တိတ်ဆိတ်အေးချမ်းစွာ လာရောက်လည်ပတ်ရန် Volunteer များ ခန့်အပ်၍ ခရီးသွား ဧည့်သည်များအား “Silence here” လမ်းòန်များဖြင့် သတိပေးခြင်း စသည့် ခရီးသွားများနှင့်ဒေသခံများကြား နှစ်ဦးနှစ်ဖက် အဆင်ပြေစေမည့် အစီအစဉ်ဖြင့် ထိန်းသိမ်းလာကြသည်။ ထို့အပြင် အခြားသော ခရီးစဉ်ဒေသသစ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ ဆွေးနွေးပွဲများကျင်းပကာ ဥလနမအသကမငျာ ပြဿနာကိုညှိနှိုင်း အဖြေရှာခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံ ကြိုတင်ကာကွယ်လုပ်ဆောင်လျက်ရှိပါသည်။
Overtourism ကို ဘယ်လိုစီမံခန့်ခွဲမလဲ
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)မှ ထုတ်ပြန်သောစာရင်းများအရ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတကာခရီးသွားလာမှု ၁ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ခရီးသည် ၁ ဒသမ ၈ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ပြင် ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့တတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းတစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းမှ တိုက်ရိုက်(သို့) သွယ်ဝိုက်နည်းဖြင့် Global GDP ကို ၁၀ ဒသမ ၄ ရာခိုင်နှုန်းဖန်တီးပေးလျက်ရှိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မှု၊ နိုင်ငံ၏စီးပွားရေးလုပ်ငန်းကို ဖွံ့ဖြိုးစေသည့်အတွက်ကမ္ဘာ့နိုင်ငံများသည် ခရီးသွားလုပ်ငန်းကို အလေးထား လာကြသဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်လာခြင်း၊ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေး အတွက် အပြိုင်အဆိုင် လုပ်ဆောင်နေကြသည်ဖြစ်ရာ နိုင်ငံအချို့တွင် ခရီးသွားများကို လက်သင့်ခံနိုင်သည်ထက် ပိုမိုလက်ခံခြင်းကြောင့် Overtourism ၏ဆိုးကျိုးများကို ခံစားနေကြရပါသည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)မှလည်း နိုင်ငံအများစုတွင် ကြုံတွေ့နေရသော Overtourism ပြဿနာကိုစီမံခန့်ခွဲရန်အတွက် နည်းဗျူဟာများ ချမှတ်တိုင်းတာခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ဥလနမအသကမငျာ ကို စီမံခန့်ခွဲဆောင်ရွက်ရာတွင်-
ခရီးစဉ်ဒေသသစ်များ၊ ခရီးစဉ်အသစ်များ ရှာဖွေဖော်ထုတ်ခြင်းနှင့် ခရီးသွားဧည့်သည်များ ဖြန့်ကြက်သွားရောက်လည်ပတ်မှုကို မြှင့်တင်ဆောင်ရွက်ခြင်း
နိုင်ငံများတွင် ခရီးသွားများလိုအပ်သည်ထက် ပိုမိုလာရောက်ကြခြင်းမှာ အဆိုပါနိုင်ငံများ၏ အဓိကအထင်ကရနေရာများသို့ ခရီးသွားများအား စုပြုံသွားရောက်စေ ခြင်းဖြစ်ပါသည်။ အဆိုပါပြဿနာအား ဖြေရှင်းရန် ခရီးသွားများအား အဓိကအထင်ကရနေရာများသို့ စုပြုံသွားရောက်စေခြင်းထက် နိုင်ငံတွင်းရှိ အခြားသောစိတ်ဝင်စားဖွယ် ခရီးစဉ်ဒေသသစ်များအား ရှာဖွေဖော်ထုတ်ခြင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များကြား သိရှိစေရန် သတင်းအချက်အလက်များပေးခြင်း၊ ကြော်ငြာခြင်းနှင့်၎င်းနေရာသစ်များသို့ ခရီးသွားများအား ဖြန့်ကြက်သွားရောက်မှုကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် Overtourism ကို လျှော့ချပါသည်။
ခရီးသွားလုပ်ငန်းဆိုင်ရာအခြေအနေ၊ စည်းမျဉ်း၊ ဥပဒေ များအား ပြန်လည်သုံးသပ်ဆောင်ရွက်ခြင်း
နိုင်ငံတွင်း ခရီးစဉ်ဒေသများ၌ Overtourism ဖြစ်ပေါ်နေလျှင် အစိုးရအနေဖြင့် ခရီးသွားများသွားလာမှုအဆင်ပြေစေရန် အဓိကခရီးစဉ်ဒေသများသို့ သွားခွင့်ပြုချိန်များအား ပြန်လည်သုံးသပ်ခြင်း၊ ၎င်းဒေသများတွင်လက်ခံနိုင်သော ခရီးသွားအရေအတွက်သတ်မှတ်ခြင်း၊ Overtourism ကြောင့် ဆိုးကျိုးများဖြစ်ပေါ်လာခြင်းမှ လျှော့ချရန်အတွက် ထိရောက်သည့် စည်းမျဉ်းဥပဒေများ ပြဋ္ဌာန်းခြင်းများ ပြုလုပ်သင့်ပါသည်။ ဥပမာ- ပီရူးနိုင်ငံရှိနာမည်ကြီး ထင်ရှားသောယူနက်စကိုမှ အသိအမှတ်ပြုထားသည့် မန်ချူးပီချူး ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံနေရာသို့ ၂၀၁၆ခုနှစ်တွင် ခရီးသွား ဧည့်သည်များ ၁ ဒသမ ၄ သန်း လာရောက်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်ကာ ပီးရူးနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့အစည်းက အဆိုပါနေရာသို့ ခရီးသွားဧည့်သည်များ စုပြုံမရောက်ရှိစေရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒအသစ်တစ်ခုအဖြစ် နံနက်ပိုင်းတွင် ၆ နာရီမှ ၁၂ နာရီအထိ (သို့) မွန်းလွဲပိုင်းတွင ၁၂ နာရီမှ ၅ နာရီခွဲအထိ နှစ်ပိုင်းခွဲကာ ခရီးသွားများအား မိမိတို့ကြိုက်သည့် အချိန်ပိုင်းတစ်ခုအတွင်း လည်ပတ်နိုင်ရန်အတွက် ကြိုတင်လက်မှတ်များကို ဝယ်ယူစေခြင်း၊ သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း သွားရောက်လည်စေခြင်း အစီအစဉ်များကို စတင်ဆောင်ရွက်ခဲ့ပါသည်။
ဒေသခံများအား ခရီးသွားလုပ်ငန်းမှရရှိသော အကျိုး အမြတ်များကို သိရှိစေခြင်း၊ ပူးပေါင်းပါဝင်စေခြင်း
ခရီးသွားလုပ်ငန်းတစ်ခု အောင်မြင်ရန် အဓိကပါဝင်ပတ်သက်ဆောင်ရွက်နေသူများမှာ ဒေသခံပြည်သူလူထုဖြစ်ပါသည်။ ၎င်းတို့၏ ခရီးသွားလုပ်ငန်းတွင် စိတ်ပါဝင်စား ဆောင်ရွက်မှု၊ ခရီးသွားများအား လှိုက်လှဲပျူငှာစွာ ကြိုဆိုမှု၊ ဒေသအကြောင်း ခရီးသွားဧည့်သည်များအား ရှင်းလင်းပြသမှုတို့သည် ဒေသ၏ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင်မြင်ရန် တိုက်ရိုက်ဆက်နွှယ်နေပါသည်။ ထို့ကြောင့်ဒေသခံများအား ခရီးသွားလုပ်ငန်းမှရရှိသော အကျိုးအမြတ်များအား သိရှိနားလည်စေခြင်း၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုတွင် ပါဝင်ဆုံးဖြတ်ခွင့်ပေးခြင်း၊ ၎င်းတို့၏ ဆန္ဒသဘောထားကို တောင်းခံကာ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ ခရီးသွားလုပ်ငန်းတွင် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ဆောင်ရွက်သင့်ပါသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း
အမိမြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်အမွေအနှစ် ပေါများသော နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတွင်းခရီးသွားလာရောက်လည်ပတ်မှု အများဆုံးသော ထင်ရှားသည့်နေရာများမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစတင်၍ တံခါးဖွင့်စီးပွားရေးမူဝါဒကျင့်သုံးခဲ့ရာ နိုင်ငံတွင်းသို့ ခရီးသည်ဝင်ရောက်မှုမှာ သိသိသာသာတိုးတက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတွင်းသို့ ခရီးသွား ဧည့်သည် ၃ ဒသမ ၅၅ သန်း ဝင်ရောက်ခဲ့သည်။ သို့သော် ၎င်းပမာဏသည် အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် နည်းပါးနေဆဲဖြစ်သည်။ ထို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ နိုင်ငံတွင်းသို့ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေးအတွက် နိုင်ငံတကာခရီးသွားပြပွဲများသို့ သွားရောက်ကြော်ငြာ ပြသခြင်း၊ ခရီးသွားသံတမန်များခန့်အပ်၍ မြန်မာနိုင်ငံကိုပိုမိုသိရှိစေရန် မြှင့်တင်ဆောင်ရွက်ခြင်းများအပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအကြောင်း နိုင်ငံတကာမှ သိရှိစေရန် ရည်ရွယ်၍ Facebook, Twitter နှင့် Instagram စသည့် လူသုံးများသော Social Media များမှတစ်ဆင့် Digital Marketing ပြုလုပ်ကာ ဆောင်ရွက်လျက်ရှိသည်။ အရှေ့အာရှနိုင်ငံများမှခရီးသွားများ ပိုမိုဝင်ရောက်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် မကာအိုနိုင်ငံများအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းများဖြင့်လည်း ဖြေလျှော့ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနည်းဥပဒေအရ ခရီးစဉ်ဒေသများကို စီမံခန့်ခွဲခြင်းနှင့် ခရီးသွားနှင့်စပ်ဆိုင်သော စီးပွားရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအသီးသီးက ပိုမိုတာဝန်ယူ ဆောင်ရွက်ကြရမည်ဖြစ်ရာ မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားဝန်ဆောင်မှုများ၏ ပကတိအနေအထားကို ကြိုတင်လေ့လာ၍ ဒေသခံများအား ခရီးသွားလုပ်ငန်းမှရရှိသော အသီးအပွင့်များခံစားနိုင်စေရန် ဆောင်ရွက်သင့်သကဲ့သို့ တစ်ဖက်မှလည်း မိမိတို့ခရီးစဉ်များအတွက် Overtourism ကဲ့သို့သော မလိုလားအပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အဟန့်အတားများ မပေါ်ပေါက်စေရန် ရေရှည်ဖွံ့ဖြိုးပြီး ဒေသခံပြည်သူများအား အကျိုးရှိစေမည့် ခရီးသွားလုပ်ငန်းများ ပေါ်ထွက်လာရေးအတွက် လိုအပ်သည်များကို ကြိုတင်တွက်ဆ စီမံဆောင်ရွက်ရန်လည်း လိုအပ်သည်။
နိဂုံးချုပ်ဆိုရသော် မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ခရီးသွားများ နိုင်ငံတွင်းသို့ ပိုမိုလာရောက်ရေးအပြင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာရေးအတွက်ကိုလည်း ကြိုးစားဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံအနေဖြင့် Overtourism ကြောင့် ဆိုးကျိုးခံစားနေရသော နိုင်ငံများ၊ ပြန်လည်ဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှုများ လုပ်ဆောင်နေရသော ခရီးစဉ်ဒေသများကို နမူနာယူကာ ရေရှည်၌ နိုင်ငံတွင်းသို့ လာရောက်မည့် ခရီးသွားများ စိတ်ကျေနပ်စွာ လည်ပတ်ခံစားနိုင်ရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတွင်းရှိ စိတ်ဝင်စားဖွယ်ခရီးစဉ်ဒေသများ သာယာလှပစေရေး၊ နိုင်ငံတော်၏ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ “နိုင်ငံ၏ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးဖို့ အားလုံးပူးပေါင်း ပါဝင်စို့”ဟူသော ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် အားလုံးတူညီစွာ လက်တွဲဆောင်ရွက်ကြပါစို့။
ကိုးကား
- UNWTO E-library (2018), ‘Overtourism- Under- standing and Managing Urban Tourism Growth beyond Perceptions’
- Reuters (2018), ‘Overtourism: Philippines restricts visits to tourist island Borocay’, Times of Malta
- Da-min, Jung and Min-ho, Jung (2018), ‘Bukchon residents protest excessive tourism’, The Korea Times
နှင်းလဲ့(Tourism)