မြင်းခြံ   ၂၅ မေ 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ပျားကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာရှိ ကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေ ကျပ်သိန်း ၂၀ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖြင့် ရွာအဝင်လမ်းမ အရှည် ၉၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လုပ်အားဒါနဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

 

ပျားကျေးရွာသည် မြင်းခြံမြို့၏ မြောက်ဘက်အဖျားတွင်ရှိပြီး ကျေးရွာအနေဖြင့် ပဲ၊ နှမ်း၊ ကွမ်းရွက်ကို အဓိကထားစိုက်ပျိုးပြီး တောင်ကြားဝ ဆည်ရေဖြင့် စပါးအနည်းငယ်စိုက်ပျိုးကာ ယခု ကွန်ကရစ်လမ်းခင်းပြီးပါက ကျေးရွာထွက် အသီးအနှံများ အချိန်မီ တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။    

 

အဆိုပါ ကျေးရွာရှိ လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)