ပဲဈေးကွက်အရွေ့

၂၁ သြဂုတ်

 

မြန်မာနိုင်ငံသည် အာရှတွင် ပဲအများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ် တန်ချိန် တစ်သန်းခွဲခန့် ပြည်ပသို့ တင်ပို့ခဲ့ရသည်။ အိန္ဒိယသည် မြန်မာအတွက် အဓိကပဲဈေးကွက်ဖြစ်ပြီး မတ်ပဲနှင့် ပဲစင်းငုံတို့ကို တင်ပို့ခဲ့ရာမှ အိန္ဒိယနိုင်ငံက ပြည်ပမှတင်သွင်းမည့်ပဲ ကိုတာသတ်မှတ်ချက် မူဝါဒအပြောင်းအလဲ ဖြစ်ပေါ်လာသောအခါ မြန်မာ ပဲစိုက်တောင်သူများအပါအဝင် ပဲလောကသားများအားလုံး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။

 

၂ဝ၁၅-၂ဝ၁၆ ကာလအတွင်း ပဲဈေးကွက်မှာ ရောင်းသူစိတ်ကြိုက် ဈေးကောင်းရခဲ့သည့်အတွက် အားသွန် ခွန်စိုက် စိုက်ပျိုးခဲ့ကြရာမှ ၂ဝ၁၇ ခုနှစ်အတွင်း ပဲဈေးကွက်မှာ တစ်စတစ်စ နိမ့်ဆင်းလာခဲ့သည်။ ကမ္ဘာပေါ်တွင် ပဲကိုအများဆုံး စိုက်ပျိုးထုတ်လုပ်သူလည်းဖြစ်၊ အများဆုံးစားသုံးသူ လည်းဖြစ်၊ အများဆုံး တင်သွင်းသူလည်း ဖြစ်သည့် အိန္ဒိယက သူ့ပြည်တွင်းပဲ စိုက်ပျိုးသည့် ရာသီတွင် ရေမှန်မိုးမှန်သဖြင့် ပဲထုတ်လုပ်မှုကို မြှင့်တင်နိုင်ခဲ့ သည့်အလျောက် ပြည်ပမှ ပဲတင်သွင်းမှုများအပေါ် ကိုတာသတ်မှတ်ခြင်း၊ အခွန်နှုန်းမြှင့်တင်ခြင်း နည်းလမ်းများဖြင့် ကန့်သတ်လာခဲ့ရာမှ မြန်မာ့ပဲလောကကိုလည်း ထိခိုက်လာရခြင်း ဖြစ်သည်။ အထူးသဖြင့် အိန္ဒိယပဲဈေးကွက်၏ အပြောင်းအလဲဖြစ်ပေါ်မှုများကို မြန်မာပဲစိုက်တောင်သူများထံ သတင်းအချက် အလက်များ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမပေးနိုင်ခဲ့ခြင်းကလည်း အဓိကအားနည်းချက် ဖြစ်ခဲ့သည်။

 

ပဲစိုက်ပျိုးသည့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်းစေမည့် အစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် လိုအပ်လာပြီဖြစ်သည့်အလျောက် မြန်မာ့ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း စိ်ုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ''ပဲစိုက်တောင်သူများအနေဖြင့် ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန်များ ပြောင်းလဲ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ကာလတို၊ ကာလလတ်၊ ့ကာလရှည် ရည်မှန်းချက် များ ချမှတ်ဆောင်ရွက်ကြ ရန်လိုကြောင်း'' ပြောကြားခဲ့သည်။

 

ကာလတိုအနေဖြင့် ပိုလျှံလက်ကျန်ပဲများ ရောင်းချရေးနှင့် ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်ရေးတို့ကို လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန်၊ ကာလလတ်ဆောင်ရွက်ရမည့် ကိစ္စရပ်များအနေဖြင့် ပြောင်းလဲစိ်ုက်ပျိုး ထုတ်လုပ်ရရှိသည့် သီးနှံများအတွက် တောင်သူများအား မျိုးစေ့နှင့် စိ်ုက်ပျိုးရေးနည်းပညာ၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ကူညီထောက်ပံ့ခြင်း၊ ဈေးကွက်ရရှိနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခြင်း၊ ကာလရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍတွင် National Agriculture Master Plan တစ်ခု တည်ဆောက်သွားရန်တို့ကိုလည်း ဒုတိယသမ္မတက ပြောကြားသွားခဲ့သည်။

 

မကြာမီ မိုးစပါးစိုက်ပျိုးရာသီ ပြီးဆုံးပြီးနောက် ပုံမှန်အားဖြင့် ပဲစိုက်ပျိုးသည့် ရာသီသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ ဆောင်းသီးနှံအဖြစ် ပဲကိုစိုက်ပျိုးနေကျ တောင်သူများအဖို့ ယခုနှစ်တွင် မည်သည့်ပဲ သို့မဟုတ် မည်သည့်သီးနှံကို စိုက်ပျိုးရမည်နည်းဆိုသည့် မေးခွန်းအတွက် အဖြေရှာကြရတော့မည်လည်း ဖြစ်သည်။ စိုက်ပျိုးရေး သီးနှံထွက်ကုန်များ၏ ဈေးကွက်အခြေအနေများနှင့် အလားအလာများကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများထံ အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဖြန့်ချိ ပို့ဆောင်ပေးနိုင်ရေးသည် အဓိကလိုအပ်ချက် တစ်ရပ်ဟုသာ ဆိုချင်ပါကြောင်း။       ။