မန္တလေး ၁၅ အောက်တိုဘာ

 

ကိုဗစ်-၁၉ ရောဂါအခြေနေကြောင့် အရောင်းအဝယ်အေးစက်ငြိမ် သက်နေသည့် မန္တလေး ပဲဈေးကွက်တွင် ယခုရက်ပိုင်း၌ တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ပဲဇီးကွက်နှင့် ထောပတ်ပဲ သီးနှံများပြီးခဲ့သည့် သြဂုတ်လပေါက်ဈေးထက် ငွေကျပ်တစ်သောင်းကျော် ဈေးမြင့်တက် လာကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

လက်ရှိအချိန်တွင် မန္တလေးပဲဈေးကွက်၌ ပြီးခဲ့သည့် သြဂုတ်လအ တွင်းက သုံးတင်းဝင်တစ်အိတ်လျင် ၅၇၀၀၀ နှုန်းသာရှိခဲ့သော ပဲဇီးကွက် မှာ ယခုအောက်တိုဘာ ၁၅ ရက်နေ့၌ ငွေကျပ် ၇၀၀၀၀ နှုန်းဖြင့် အရောင်းသွက်လျက်ရှိပြီး ထောပတ်ပဲမှာလည်း ယခင်သြဂုတ်လအ တွင်းက သုံးတင်းဝင်တစ်အိတ်လျင် ငွေကျပ် ၅၄၀၀၀ နှုန်းသာရှိခဲ့ရာမှ ယခုရက်ပိုင်းတွင် ထောပတ်ပဲ(အကြီး)မှာ ငွေကျပ် ၆၈၀၀၀ နှုန်းဖြင့် ၎င်း၊ ထောပတ်ပဲ(အသေး)မှာ ငွေကျပ် ၅၆၀၀၀ နှုန်းဖြင့်၎င်း၊ ယခင်ဈေးများထက် တစ်သောင်းကျော်ဈေးမြင့်တက်ကာ အရောင်းသွက် လျက်ရှိကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

" ကိုဗစ်ရောဂါအခြေအနေကြောင့် ပဲဈေးကွက်အေးစက်နေတဲ့ကာလမှာ ဒီပဲအမျိုးအစားတွေက အခုလိုအရောင်းသွက်ပြီး ဈေးတက်လာတာ အားရကျေနပ်စရာပါ။ ပဲဇီးကွက်ကို လွန်ခဲ့တဲ့လေး နှစ်လောက် ကတည်းက တရုတ်နိုင်ငံကစပြီး ဝယ်ယူလာခဲ့တာ တစ်နှစ်ထက်တစ် နှစ် ဝယ်လိုအားများလာတယ်။ လက်ရှိချိန်မှာ တရုတ်ယွမ်ဈေးက ကျဆင်းနေပေမယ့်လည်း ဈေးကွက်မှာ လက်ကျန်နည်းနေတဲ့ ဒီပဲတွေကို  တရုတ်ဝယ်လက်တွေက ဈေးပေးပြီး သွက်သွက်လက်လက်ဝယ်ယူ နေကြတဲ့အတွက် ဈေးတွေမြင့်တက်လာတာပါ။ လက်ရှိပေါက်ဈေးတွေက တောင်သူတွေပြုံးပျော်နိုင်တဲ့ ဈေးနှုန်းတွေပါပဲ" ဟု ၎င်းက ပြောသည်။ 

 

ထောပတ်ပဲနှင့် ပဲဇီးကွက်သီးနှံများကို ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင် တစ်ရာသီသာ တော်သလင်းနှင့် သီတင်းကျွတ်လများတွင် စတင်စိုက်ပျိုးကြကာ မတ်လအတွင်းထွက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ် သက်သာပြီး အထွက်နှုန်းကောင်းမွန်သည့် ပဲအမျိုးအစားများဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

 

လက်ရှိအချိန်တွင် ပဲဇီးကွက်ကို တောင်သူများမှ ဈေးကွက်အတွင်း လွယ်ကူစွာ ရောင်းချနိုင်ပြီး ဈေးနှုန်းခိုင်မာသည့်အတွက် ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်းနှင့် ထောပတ်ပဲကိုလည်း ယခုအခါ မန္တလေးတိုင်း ဒေသကြီး မလှိုင်နှင့် တောင်သာမြို့နယ်များတွင် နိုင်ငံတော်မှ စံပြစိုက် ကွင်းများဖြင့် အထွက်နှုန်းကောင်းမွန်စေရန် သုတေသနပြု စိုက်ပျိုး ထားရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)