ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသို့သာ လှမ်းလာခဲ့ပါ

 

မိုးယံ

 

ပြင်ဦးလွင်၊ မေမြို့၊ ပန်းမြို့တော်၊ တောင်လှေကားမြို့၊ နှင်းမှုန်မြို့တော်ဟု အမည်ငါးမျိုးပိုင်ဆိုင်သော ရာသီဥတုအေးမြပြီး သာယာလှပသည့် မြို့တစ်မြို့ကို စိတ်ဝင်စားကာ ရောက်ဖူးချင်ကြပေလိမ့်မည်။  ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၃၃၀၆ ပေခန့်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင်တစ်ခုတည်းသော  မြင်းရထားလုံးစီး၍ရသည့် မြို့လည်းဖြစ်သည်။

 

တောင်ပေါ်မြို့ဖြစ်သည့် အားလျော်စွာ နှစ်လို ဖွယ်ကောင်းသည့် ရှုမျှော်ခင်းများနှင့် ပန်းပေါင်းစုံ တို့ကရာသီအလိုက် ဖူးပွင့်လျက်ရှိကြသဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့်  မြို့လည်းဖြစ်သည်။ ချယ်ရီပန်းများ၊ ရာသီပေါ်အလှပန်းများနှင့် သာယာအေးချမ်းပြီး သဘာဝတောတောင် ရေမြေ၊ ရေတံခွန်ရှုခင်းများကို ပိုင်ဆိုင်ထားသောကြောင့် ရုပ်ရှင်ရိုက်ကူးရေးသမားများအကြိုက် အနုပညာ ဖန်တီးရာနေရာလည်းဖြစ်သည်။

 

ပြင်ဦးလွင်မြို့ကို လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအနေဖြင့် မဟာအံ့ထူးကံသာ ဘုရားကြီးကို ဖူးမြော်ပြီးသည်နှင့် ဘုရားကြီး၏ အရှေ့ဘက် မျက်နှာချင်းဆိုင်လမ်းမှ ဝင်၍သွားရသည့်  ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)  ကို  မဖြစ်မနေဝင်ရောက်လည်ပတ်လေ့ရှိ ကြသည်။

 

အပန်းဖြေသည့် ခရီးသွားများ စိတ်ကြည်နူး

 

ခေတ်နှင့်အညီ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ လာရောက်အပန်းဖြေသည့် ခရီးသွားများစိတ်ကြည်နူး အေးချမ်းပျော်ရွှင်စွာ အပန်းဖြေစေရန် ရည်ရွယ်လျက် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE. FALLS) ပြန်လည်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက် တွင်  စတင်ဖွင့်လှစ်ခဲ့သည်။

 

mdn

 

ပွဲကောက်ရေတံခွန် (BE.FALLS) အတွင်း သဘာဝရေတံခွန်ရှုခင်းများနှင့် ပတ်သက်၍ လာရောက်လည်ပတ်သူ ခရီးသွားတစ်ဦးက “ရေတံခွန်တွေနဲ့ဆိုတော့ စိတ်လက်ပေါ့ပါးပြီး ပျော်စရာကောင်းတယ်။ ရေကအေးပြီး ကြည်နေ တယ်။ ကလေးတွေအတွက်လည်း ကစားစရာနေရာ တွေရှိတယ်။ ပန်းတွေကလည်း အတော်လှတယ်။ ဓာတ်ပုံရိုက်စရာ နေရာတွေလည်း အများကြီးဗျာ။ အရင်နဲ့လုံးဝမတူတော့ဘူး။ အများကြီးတိုးတက် ပြောင်းလဲသွားတယ်။ ကျွန်တော်ကတော့ မိသားစုနှင့်အမြဲလိုလို လာရောက်အပန်းဖြေဖြစ်ပါတယ်” ဟု ဆိုသည်။

 

ပြင်ဦးလွင်မြို့၏ သာယာလှပမှုများကြောင့် ပြည်တွင်းခရီးသွားများသာမက ကမ္ဘာလှည့် ခရီးသွားများလည်း အမြဲမပြတ် လာရောက် လည်ပတ်လေ့ရှိကြရာ စနေ၊ တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များသည် ပိုမိုထူးခြားစည်ကားလေ့ရှိသည်။

 

ရေတံခွန်နှင့် ရှုမျှော်ခင်းများကို အပေါ်စီးမှ ကြည့်ရှု

 

ခရီးသွားများကို ဆွဲဆောင်နိုင်သော ခေတ်မီသာယာလှပသော အပန်းဖြေဥယျာဉ်အဖြစ် အဆင့်မြှင့်တင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ရေတံခွန်နှင့် ရှုမျှော်ခင်းအလှအပများကို အပေါ်စီးမှ ကြည့်ရှုခံစားနိုင်သော Sky Cable Car ကို (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

 

 Sky Cable Car သည် ရာသီပေါ်ပန်းအလှ စိုက်ခင်းကြီးထဲမှ စတင်ကာ Fall 3 ရေတံခွန် သစ်လုံးအိမ်အနီးသို့ ပြေးဆွဲပေးလျက်ရှိပြီး လူ လေးဦးအထိ လိုက်ပါစီးနင်းနိုင်ကာ အသွားအပြန် တစ်ပတ်ကို ၂၄ မိနစ်ခန့် ကြာမြင့်သည်။

 

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း၏ သာယာလှပမှုများကြောင့် ခရီးသွားများကို စိတ်လက် ပေါ့ပါးလန်းဆန်းစေမှုအပြင် Sky Cable Car ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်စရာဝန်ဆောင်မှုကို ထပ်မံပေးစွမ်းခဲ့သဖြင့် ယခင်ကထက် ခရီးသွားများ ပိုမိုစိတ်ဝင်စားကာ လာရောက်လျက်ရှိသည်။

 

ထို့ပြင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း အတွင်းရှိ Fall-2 ရေတံခွန်ပေါ်ရှိ ခေတ်မီမှန်တံတား ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့သည်။ 5D LED တံတားပေါ်တွင် ခြေလှမ်းလိုက်လျှင် မှန်ကွဲအက်သွားသကဲ့သို့ အလွန်စိတ်လှုပ်ရှားဖွယ် ခံစားရမည့် 5D LED စနစ်များ၊ မြူးကြွသည့် ဂီတသံစဉ်များကြောင့် အလှဓာတ်ပုံရိုက်လိုသူများ၊ စူးစမ်းလေ့လာလိုသူ လူငယ်များဖြင့် မှန်တံတားသည် စည်ကားလှသည်။

 

ထို့အတူ ၁၉၅၇ ခုနှစ်တွင်တည်ဆောက်ခဲ့သော ပေ ၇၀ အရှည်ရှိသည့် သမိုင်းဝင် (B.E) ကြိုး တံတားဟောင်းနှင့် ပွဲကောက်ရေတံခွန်အတွင်း၌ သဘာဝရေတံခွန်အလှများကို ခံစားနိုင်သော View-1၊ View-2 နှင့် သဘာဝတောတွင်းအလှကို ကြည့်ရှုခံစားနိုင်သော Viewing Deck စသည့် View point နေရာများစွာကိုလည်း အလှဓာတ်ပုံရိုက်ကူးနိုင်ရန် ဖန်တီးပေးထားကို တွေ့ရသည်။

 

ရာသီပေါ်ပန်းအလှစိုက်ခင်းများရှိ ရောင်စုံပန်းများသည် တွေ့မြင်ခံစားရသူတို့ကို စိတ်ကြည်နူး ချမ်းမြေ့မှု ပေးစွမ်းနိုင်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူ ခရီးသွားများသည် တစ်ဦးချင်းသော် လည်းကောင်း၊ မိသားစု အစုအဖွဲ့နှင့်သော်လည်းကောင်း ပန်းရောင်စုံများနှင့် အလှဓာတ်ပုံရိုက်ကူးကြသည်။

 

ကာတွန်းဇာတ်ကောင်များ တွဲဖက်ရိုက်ကူးနိုင်ရန် ဖန်တီးပေးထား

 

ခေတ်လွန်ယာဉ်များ၊ Windmill House၊ witch’s House ၊ Purcell Tower ၊ Hexagon House ၊ Photo Booths များနှင့် သားသားမီးမီးတို့အကြိုက် ကာတွန်းဇာတ်ကောင်အရုပ်များကို အလှဓာတ်ပုံများ တွဲဖက်ရိုက်ကူးနိုင်ရန် ဖန်တီးပေးထားသည်ကို တွေ့မြင်ရသည်။

 

တိမ်ပေါ်တွင် ခုန်သကဲ့သို့ ခံစားမှုမျိုးရရှိနိုင်သည့် Jumping Cloud ကစားကွင်း၊ ရေအားဖြင့် မောင်နှင်းသည့် မြင်းကမ္ဘာချားရဟတ်နှင့် ခေတ်မီကလေးကစားကွင်းများကို ထားရှိသည့်အတွက် ခုန်ပေါက်ကစားကာ စိတ်လွတ်လပ်ပျော်ရွှင်မှုကို ခံစားနိုင်မည်ဖြစ်သည်။

 

ဆင်စခန်းတွင် ဆင်လိမ္မာလေးသုံးကောင်မှ တင်ဆက်သည့် အလှပြဖျော်ဖြေမှု ပြကွက်များကို ကြည့်ရှုနိုင်ပြီး ဆင်ငယ်လေးများကို အစာကျွေးလို သူများသည် ဆင်စာကျွေးမွေးရင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးကြသည်ကိုလည်း တွေ့မြင်ရသည်။

 

ဆင်စခန်းမှဆက်သွားမည်ဆိုပါက တောတွင်းလျှောက်လမ်းရှိပြီး ချစ်စရာသစ်လုံးအိမ်ရှေ့တွင် ဓာတ်ပုံရိုက်၊ အပန်းဖြေအနားယူပြီး ထိုမှတစ်ဆင့် ကြိုးတံတားကိုဖြတ်ကာ လျှောက်ကြသည်မှာလည်း စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ကောင်းလှသည်။

 

ထိုနေရာမှ ခရီးဆက်လိုက်လျှင် စိမ်းမြကြည်လင်နေသည့် ချောင်းတစ်လျှောက် လှပစွာ ဝေဖြာစီးဆင်းနေသည့်ရေတံခွန်များ၊ ကျောက်ဆောင်ကြီးများ၊ အရိပ်အာဝါသကောင်းသည့် သစ်ပင်ကြီးများနှင့် သဘာဝတောတောင် ရှုခင်းအလှတရား တို့နှင့်အတူ ရေစီးဆင်းသံ၊ ရေတံခွန်ရေကျသံ၊ ကျေးငှက်များ၏ သာယာဖွယ်အသံတို့ရှိသည့် ဆိတ်ငြိမ်ရာနေရာတစ်ခုကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ခံစားရမည်ဖြစ်သည်။

 

ထိုသို့ သဘာဝတရားကို ခံစားအပန်းဖြေနိုင်ရန် ပေ ၄၀၀၀ ခန့် အရှည်ရှိသည့် တောတွင်းလျှောက် လမ်းကြီး(Natural Fantastic Trekking)ကိုလည်း ထပ်မံတိုးချဲ့ ဖောက်လုပ်ထားသည်ကို တွေ့ရသည်။

 

ရာသီပေါ် ရောင်စုံပန်းအလှစိုက်ခင်းများ၊ သဘာဝစမ်းချောင်းအလှများ၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းအတွင်းရှိ နေရာများကို စုံလင် အောင် လှည့်ပတ်ကြည့်ရှုခံစားနိုင်ရန် ဘာဂီ(Buggy)နှင့် အလှမြင်းရထားကို စီစဉ်ပေးထားပြီး ပွဲကောက် ရေတံခွန်အပန်းဖြေစခန်းသို့ လာရောက်ကြသည့် ခရီးသွားများအတွက် ဈေးဆိုင်တန်းများတွင် ဒေသထွက် အစားအစာများ၊ သဘာဝသစ်သီးဝိုင် မျိုးစုံနှင့် ဒေသထွက်ကုန်ပစ္စည်းတို့ကို ပြင်ဦးလွင်အပြန် လက်ဆောင်အဖြစ် အမှတ်တရဝယ်ယူနိုင်မည်ဖြစ်သည်။

 

တောင်ပေါ်မြို့၏ အေးမြသည့် ရာသီဥတု၊ စိမ်းစို သောသဘာဝအလှတရားများ၊ ဒေသထွက် အစားအစာများ၊ စတော်ဘယ်ရီကဲ့သို့ ရာသီအလိုက် လတ်ဆတ်သည့် အသီးအနှံများနှင့် ကော်ဖီစစ်စစ် အရသာတို့ကို ခံစားလို၍ဖြစ်စေ၊ မြို့ပြ၏ မွန်းကျပ် မှုတို့မှ ခဏတာ ပြေးထွက်အနားယူအပန်းဖြေလို၍ ဖြစ်စေ ပြင်ဦးလွင်မြို့၏ အထင်ကရနေရာတစ်ခု ဖြစ်သည့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) သို့သာ လှမ်းလာခဲ့ပါဟု ဖိတ်ခေါ်လိုက်ရပါသည်။