နေပြည်တော် ၂၆ မတ်
ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၁ ရက်တွင် ရန်ကုန်-မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ် (၆)မိုင်(၄)ဖာလုံ၊ စစ်တောင်းတံတား၊ မုပ္ပလင်ရွှေသံလွင် တိုးဂိတ်အနီးမှ ယာဉ်အမှတ် ×××× DYNA (၆)ဘီး အဖြူရောင်ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား ၁ ဒသမ ၂၅၆၆ တန်နှင့် ပြစ်မှုကျူးလွန်သူ (၂)ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့တွင် ကနီမြို့နယ်၊ စဖိုကြီးကျေးရွာအနီး၊ ချင်းတွင်းမြစ်ကမ်းဘေး စက်လှေ(၁)စီးနှင့် ဖောင်(၄)ဖောင်ပေါ်မှ တရားမဝင် ကျွန်း၊ အင် သစ်ခွဲသား စုစုပေါင်း ၃၂ ဒသမ ၄၃၂၅ တန်ကို ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ မတ် ၂၃ ရက်တွင် ရေးမြို့နယ်၊ အစင်-ဖယ်ဝီးသွား ကားလမ်းနံဘေး၊ အစင်ကျေးရွာမှ တရားမဝင် သစ်ခွဲသား ၂၄ ဒသမ ၇၁၇၀ တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
မောင်လူမော်