နေပြည်တော် ဩဂုတ် ၉

 

မွန်ပြည်နယ်အတွင်း ယနေ့နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသောကြောင့် ဘီးလင်းမြို့နယ်၊ ဒုံဝန်းဘူတာနှင့် နှင်းပုလဲဘူတာအကြား ပေ(၁၅၀၀)ခန့် ရှည်လျားသော ရထားလမ်းနေရာတွင် သံလမ်းအထက်   နှစ်လက်မခန့် ရေကျော်မှု ဖြစ်ပွားနေသဖြင့် လူစီးရထားများ ဖြတ်သန်းရာတွင် ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်-မော်လမြိုင် လူစီးရထားခရီးစဉ်(၄)ခု ကို ရပ်တန့်ထားရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မှထွက်ခွာလာသော အမှတ်(၈၁)အဆန် လူစီးအမြန်ရထားနှင့် အမှတ် (၈၉)အဆန် RBE အမြန်ရထားတို့သည် နှင်းပုလဲဘူတာ၌ လည်းကောင်း၊ မော်လမြိုင်မှထွက်ခွာလာသော အမှတ်(၈၂)အစုန် လူစီးအမြန်ရထားသည် တောင်စွန်းဘူတာနှင့် အမှတ်(၉၀)အစုန် RBE အမြန်ရထား သည် ဒုံဝန်းဘူတာတို့တွင်လည်းကောင်း ယာယီရပ်တန့်၍ ရေပြန်လည်ကျဆင်းသည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။

 

ယနေ့ညနေပိုင်းတွင် ရေများပြန်လည်ကျဆင်းလျက်ရှိသော်လည်း အဆိုပါနယ်မြေအတွင်း တံတား(၄)ခု တွင် ရေစီးဆင်းမှုပြင်းထန်လျက်ရှိသောကြောင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများအနေဖြင့် ရထားလမ်း တလျှောက်ရေတိုက်စားမှုများနှင့် တံတားများကြံ့ခိုင်ရေးကို ထိခိုက်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက် လျက်ရှိပြီး ပျက်စီးမှုများရှိပါက အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံစိတ်ချရမှုအခြေအနေပေါ် မူတည်၍ မူလခရီးစဉ်အတိုင်း ဆက်လက်ပြေးဆွဲနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)