နေပြည်တော် အောက်တိုဘာ ၂၇
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက် ပေးလျက်ရှိပြီး ခေတ်မီ လေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ပဲခူး-ရန်ကုန်-ပဲခူး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိရာ ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အဆင့်မီမီလိုက် ပါစီးနင်းနိုင်ပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့ တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှု ကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြားလျက်ရှိသည်။
အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက်(၆) နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက်(၈)နာရီ မိနစ် (၂၀)တွင်ရောက်ရှိပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ(၄)နာရီ (၄၅)မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည(၇)နာရီ (၅)မိနစ်တွင် ရောက်ရှိသဖြင့် ပဲခူးမှ ရန်ကုန်သို့ အလုပ်သွား အလုပ်ပြန် အဆင်ပြေမှုရှိကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း (၁၂)ဘူတာ၌ ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါစီးနင်း ကြသူများအတွက်ပါ အဆင်ပြေမှုရှိပြီး ရထားစီးခရီးသည် စီးနင်းမှု များပြား ခြင်းဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် ရထားစီး ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွား လာနိုင်စေရေး အဆိုပါ ရထားအတွက် ဘူတာများတွင် လက်တန်းပါ သံလှေခါးများ ပြုလုပ် တပ်ဆင်ပေးထားပြီး ရထား ဆိုက်ရောက်/ ထွက်ခွာချိန်များ၌ အဆင်ပြေလွယ်ကူစွာလိုက်ပါ စီးနင်းနိုင်စေရေး စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


