နေပြည်တော် နိုဝင်ဘာ ၂၆

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် ယနေ့တွင် ပဲခူးအချုပ်ထောင်၊ ပဲခူးမြို့ပေါ်ရှိ ပဲခူးမြို့ မရဲစခန်း၊ အမှတ်(၂/၃) နယ်မြေရဲစခန်းအချုပ်ခန်းများနှင့် ပဲခူးခရိုင်/မြို့နယ် တရားရုံးအချုပ်ခန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်းရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်းရှိမရှိနှင့် အချုပ်ထောင်နှင့် အချုပ်ခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခဲ့သည်။

 

ပဲခူးအချုပ်ထောင်ကို ဝင်ရောက်ကြည့်ရှုစစ်ဆေးရာတွင် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့် အဆောင်၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှုရှိ မရှိတို့ကိုလည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့သည်။

 

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)