ပဲခူး ၂၁ မတ်

ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ဇန်နဝါရီလ ၃၁ ရက်နေ့က မွေးဖွားခဲ့သည့် သုံးမြွှာပူးကလေး မွေးဖွားခြင်းအတွက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က လူမှုဝန်ထမ်း ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သုံးမွှာပူးမွေးဖွားပေးခြင်းအတွက် ကလေးများ၏ မိဘများအား ထောက်ပံ့ငွေ(၅)သိန်းကျပ် ထောက်ပံ့ပေးအပ်သည်။

ဒိုက်ဦးမြို့နယ် ဒရယ်မီးရပ်ကွက် မကျည်းတန်းလမ်းနေ ဦးကျော်သူ(၃၁)နှစ်+ ဒေါ်အေးမြတ်မွန်(၂၃)နှစ်တို့သည် ယခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ပဲခူးမြို့အထွေထွေရောဂါကု ဆေးရုံ ကြီးသို့ တက်ရောက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် သမီးမိန်းကလေးသုံးမြွှာပူးအား အောင်မြင်စွာ မွေးဖွားခဲ့သည်။

အဆိုပါသမီးမိန်းကလေးသုံးမြွှာပူးသည် မွေးဖွားစဉ်အချိန်က တစ်ဦးလျှင် ပေါင်ချိန်(၄)ပေါင်စီရှိကြပြီး ယခုအခါ ဒိုက်ဦးမြို့နယ် ဒရယ်မီးရပ်ကွက် မကျည်းတန်းလမ်းရှိ နေအိမ်၌ နေထိုင်လျက်ရှိပြီး မိခင်နှင့်ကလေးပါ ကျန်းမာစွာဖြင့် နေထိုင်လျှက်ရှိကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)