ပဲခူး ဒီဇင်ဘာ ၂
ရှေးဦးပြုစုခြင်းဆိုင်ရာ ကျွမ်းကျင်မှုတွင် လုပ်ငန်းဆောင်ရွက်မှုအဆင့်များစွာ ဆောင်ရွက်နိုင်သည့်အပြင် တစ်ချိန်တည်းတွင် မတူကွဲပြားသော အခြေအနေများအတွက် စီမံဆောင်ရွက်နိုင်သော စွမ်းရည်များ ရရှိနိုင်ရန် ရည်ရွယ်၍ ပဲခူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှကြီးမှူးပြီး ခရိုင်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံး၊ သင်တန်းခန်းမတွင် ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း Trauma First Aid (Multiplier) Training (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းအား ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများအား ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများကို စနစ်တကျကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ဒီဇင်ဘာလ(၁)ရက်နေ့မှ (၂)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးခရိုင်အတွင်းရှိမြို့နယ်(၈)မြို့နယ်မှ သင်တန်းသား သင်တန်းသူ(၂၀) တက်ရောက်ကာ ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း၊ လူအများအပြား ထိခိုက်ဒဏ်ရာရရှိချိန်တွင် စီမံခန့်ခွဲခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ထိခိုက်ဒဏ်ရာပြုစုခြင်း၊ မျက်ရည်ယိုဓာတ်ငွေ့ ထိခိုက်မိသူအားပြုစုခြင်း၊ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အရေးပေါ်အခြေအနေတွင် ထိခိုက်ဒဏ်ရာရရှိသူကို ပြုစုစောင့်ရှောက်ခြင်း စသည့်အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)