ပဲခူး ၁၁ ဒီဇင်ဘာ

 

ပဲခူးခရိုင်အဆင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့၊ ဥဿာမြို့သစ် (၄) ရပ်ကွက်၊ ရာဇာဓိရာဇ်လမ်းသွယ်ရှိ လူငယ်ဓမ္မရိပ်သာ (Youth Center) တွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးထွန်းထွန်းဦးမှ ယနေ့ပြုလုပ်သည့်အခမ်းအနားသည် မကြာမီ စာရင်းကြေညာမည့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် စာရင်းစစ်၊ စာရင်းကောက်များ မိမိတို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး သေချာဆောက်ရွက်နိုင်ရန်အတွက် ဆွေးနွေးပို့ချပေးမည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဂရုစိုက်စိုက်နားလည်သဘောပေါက် မှတ်သားကြဖို့လိုကြောင်း အမှာစကားပြောကြားသည်။

 

အဆိုပါသင်တန်းအား ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလရှိ မြန်မာနိုင်ငံ၏လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ် လေ့လာသုတေသနပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော ညွှန်းကိန်းများရရှိနိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ၂၀ ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးခရိုင်အတွင်းရှိမြို့နယ်(၈)မြို့နယ်မှ သင်တန်းသား သင်တန်းသူစာရင်းကောက်(၅၀)၊ စာရင်းစစ်(၁၅)ဦး စုစုပေါင်း(၆၅)ဦး တက်ရောက်ကြောင်း သိရသည်။

 

“နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့လက်ရှိ အနာဂတ်လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာခန့်မှန်းနိုင်ရန် အတွက် ၂၀၂၀ခုနှစ်ဇန်နဝါရီလ(၂)ရက်နေ့မှစတင်ပြီး ပဲခူးခရိုင်အတွင်း နမူနာစာရင်း ကောက်ကွက် (၁၀၂)ကွက်အား စာရင်းစစ်(၁၅)ဦး၊ စာရင်းကောက် ၅၀ တို့မှ စာရင်းကောက်တစ်ဦးလျှင် အိမ်ထောင်စု (၇၉)နှုန်းဖြင့် ကွင်းဆင်းကောက်ခံသွားမည်ဖြစ်ကြောင်း၊ နမူနာကောက်ကွက်များ အနေဖြင့် ပဲခူးမြို့နယ်တွင် မြို့ပေါ်(၁၅)ခု၊ ကျေးလက်(၁၃)ခု ပေါင်း(၂၈)ခု၊ သနပ်ပင်မြို့နာ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၈)ခု ပေါင်း(၉)ခု၊ ကဝမြို့နယ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၁၁)ခု ပေါင်း(၁၂)ခု၊ ဝေါမြို့နယ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၈)ခု ပေါင်း(၉)ခု၊ ညောင်လေးပင်မြို့နယ်တွင် မြို့ပေါ်(၄)ခု၊ ကျေးလက်(၉)ခု ပေါင်း(၁၃)ခု၊ ဒိုက်ဦးမြို့နယ်တွင် မြို့ပေါ်(၂)ခု၊ ကျေးလက်(၉)ခု ပေါင်း(၁၁)ခု၊ ရွှေကျင်မြို့နယ်တွင် မြို့ပေါ်(၁)ခု၊ ကျေးလက်(၅)ခု ပေါင်း(၆)ခု၊ ကျောက်တံခါးမြို့နယ်တွင် မြို့ပေါ်(၂)ခု၊ ကျေးလက်(၁၂)ခု ပေါင်း(၁၄)ခု၊ စုစုပေါင်း ပဲခူးခရိုင်အတွင်းနမူနာကောက်ကွက် မြို့ပေါ်(၂၇)ခု၊ ကျေးလက်(၇၅)ခုတို့အား(၁၄)ရက်အတွင်း ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ပဲခူးခရိုင်(ယာယီ)ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ခိုင်က ပြောကြားသည်။

 

mdn

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီးဦးထွန်းထွန်းဦး၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေဦး၊ ပဲခူးခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)