ပဲခူး ဇူလိုင် ၃၀

ပဲခူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက စတင်ပြီး ၊ ပဲခူး၊ သနပ်ပင်၊ ရွှေကျင်မြို့နယ်များ၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် ပြည်သူများ၊ စေတနာ့ဝန်ထမ်းများအား သတ်မှတ်စုရပ်နေရာများတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို တပ်မတော်မှ ဆေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပြီးထိုးနှံပေးကြကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေး ပဲခူးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် နေရာသုံးနေရာခွဲ၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင် ၁၀၀ အား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ လည်းကောင်း၊ ပထမအကြိမ်ထိုးနှံမည့် အသက် ၆၅ နှစ်အထက် ပြည်သူ ၃၁၉၄၃ ဦးအနက်မှ ၁၃၃ ဦးအား ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန(ဒေသန္တရ)နှင့် မြို့တော်ခန်းမတို့၌ လည်းကောင်း၊ စေတနာ့ဝန်ထမ်း ၂၅ ဦးအား မြို့တော်ခန်းမ၌ လည်းကောင်း ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ သနပ်ပင်မြို့နယ်အတွင်းရှိ သတ်မှတ် စုရပ်နေရာများ၌လည်း မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် ပြည်သူ ၁၀၀၃၁ ဦးအနက်မှ ၇၀ နှင့် စေတနာ့ဝန်ထမ်း ကိုးဦးတို့အား သနပ်ပင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်အတွင်းရှိမြို့တော်ခန်းမ၊ မြို့နယ်အားကစားခန်းမနှင့် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီး ၌ မွန်းတည့် ၁၂ နာရီမှစ၍ တပ်မတော်ဆေးအဖွဲ့ နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဝန်ထမ်းများ ပူးပေါင်းပြီး အသက် ၆၅ နှစ်နှင့် အထက် ပြည်သူ ၆၄၀၀ အနက်မှ ၁၄၆ ဦး၊ စေတနာ့ ဝန်ထမ်း ၁၁၅ ဦးအနက်မှ ၂၆ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)