ညောင်လေးပင်  ၃၁   ဇန်နဝါရီ

 

ဒေသအတွင်းရှိ တောင်သူလယ်သမားများ စိုက်ပျိုးရေရရှိနိုင်ရေး၊ ရေဘေးကာကွယ်ရေးနှင့် ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေရေးအတွက် ပဲခူးခရိုင်တွင် အချိန်တိုတွင်း သိသာထင်ရှားစွာ အကျိုးပြုနိုင်မည့် ရေနုတ်မြောင်း သုံးခုတူးဖော်သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့ကစတင်၍  ညောင်လေးပင်မြို့နယ်အတွင်းရှိ ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်းကို စက်ယန္တရား အစီး(၂၀)ဖြင့် ဆောင်ရွက်နေကြောင်း ညောင်လေးပင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်အောင်၏ ပြောကြားချက်အရ သိရသည်။

 

2

 

 

ညောင်လေးပင်မြို့နယ်အတွင်းရှိ ၊ ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက် ရန်အတွက် ပြင်ပလုပ်ငန်းရှင်များသို့ လုပ်ငန်းတင်ဒါ ခေါ်ယူခဲ့ကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် တင်ဒါလုပ်ငန်းစဉ်များ အားလုံးပြီးစီးခဲ့ပြီး ဇန်နဝါရီ ၁၅ ရက်နေ့ကစတင်၍ လုပ်ငန်းကို အပိုင်း(၃)ပိုင်း ခွဲကာ တင်ဒါအောင် ကုမ္ပဏီသုံးခုမှ စက်ယန္တရား အစီး ၂၀ ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။

 

8520

 

ယင်းချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်းမှာ အရှည် ၁၁ ဒဿမ ၅၀ မိုင်ရှိပြီး မြေကြီးလုပ်ငန်း ပမာဏမှာ (၃၆၆၀ဝ၀) ကျင်းဖြစ်ကာ ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် ၁၁၉၇ ဒဿမ ၃၃၇ သန်းဖြင့် ဧပြီလအတွင်း ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်သည်။

 

ယခုကဲ့သို့ ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်း လုပ်ငန်းကိုဆောင်ရွက်ပေးခြင်းဖြင့် ညောင် လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)စုရှိ လယ်မြေဧရိယာ (၁၂၀ဝ၀) ဧကခန့်ကို နှစ်စဉ်ရေကြီး နစ်မြုပ်မှုမှလျော့ပါး သက်သာစေမည်ဖြစ်ကြောင်းနှင့် ဒေသခံများမှလည်း ယခုကဲ့သို့ ဆောင်ရွက် ပေးသည့်အတွက် ကျေနပ်ဝမ်းမြောက်လျက်ရှိပြီး လုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက်လည်း ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

 

.21

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  စစ်ကိုင်းတိုင်းဒေသကြီးတွင် လေးခု၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်ခု၊ မကွေးတိုင်းဒေသကြီးတွင် နှစ်ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ငါးခု စုစုပေါင်း ၂၅ ခု တူးဖော်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးရုံးမှ သိရသည်။

 

ပဲခူးတိုင်းဒေသကြီး အတွင်းအကောင်အထည်ဖော်မည့်လုပ်ငန်း ရှစ်ခုအနက် ပဲခူးခရိုင်းအတွင်း သုံးခုပါဝင်ပြီး  ညောင်လေးပင်မြို့နယ်တွင် ချိန်းချောင်းအပိုင်း(၂) တူးဖော်ခြင်းလုပ်ငန်း၊ သနပ်ပင်မြို့နယ် တွင် မင်းရွာ-ဝင်းကဒတ်ရိုးတူးဖော်ခြင်းလုပ်ငန်းနှင့် မင်းရွာ ARDC-ခလပ်စု ရိုးတူးဖော်ခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

 

သက်လွင် (ညောင်လေးပင်)