ရန်ကုန်၊ ၆ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် သာကေတမြို့နယ်တို့သို့ ပဲခူးမြစ်အား ဖြတ်သန်းလျက်ဆက်သွယ် တည်ဆောက်နေသော ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) စီမံကိန်းသည် ယခုအခါတွင် သာကေတဘက်အခြမ်းရှိ စီမံကိန်းအပိုင်း (၃)သည် (၈၃)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး ကျန်စီမံကိန်း အပိုင်း(၁/၂)လုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နေကြောင်းနှင့် ထိုတံတားကြီးပြီးစီးပါက သန်လျင်ကျောက်တန်းဒေသရှိ သီလဝါ အထူးစီးပွားရေးဇုန်ကြီး၏ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးကို အဓိကအထောက်အကူပြုစေမည်ဖြစ်ကြောင်း တံတားဦးစီးဌာန၏ အဆိုပါတံတားတည်ဆောက်ရေး စီမံကိန်းတာဝန်ခံရုံးမှ သိရသည်။
ထိုတံတားကြီးကို ဆောက်လုပ်ရေး၀န်ကြီးဌာန တံတားဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA အဖွဲ့တို့ပူးပေါင်းကာ Consultant ဖြစ်သော ဂျပန်နိုင်ငံ Joint Venture of Nippon Koei ကြီးကြပ်ဆောင်ရွက်ပြီး ကုမ္ပဏီကြီးမှ အဓိကတာ၀န်ယူကာ ဆက်စပ်ကုမ္ပဏီ (၇)ခုဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။
“ဒီပဲခူးမြစ်ကူးတံတားသစ်ကြီး တည်ဆောက်ရတာဟာ သန်လျင်ဘက်ကမ်းမှာရှိတဲ့ သီလဝါဆိပ်ကမ်းနဲ့ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ကုန်စည်စီးဆင်းမှု အ၀င်/အထွက်ကို အထောက်အကူပြုစေဖို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဒီလမ်းကြောင်းက ရန်ကုန်မြို့ပြဧရိယာကို အတိုဆုံးချိတ်ဆက်နိုင်တဲ့ လမ်းကြောင်းတစ်ခုလဲ ဖြစ်ပါတယ်၊ လာမဲ့နှစ်ပေါင်း ၂၀/၃၀ မှာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ကုန်စည်စီးဆင်းမှုဟာ ဒီထက်ပိုပြီးများလာမယ် မြန်ဆန်လာမှာဖြစ်တဲ့အတွက် ယာဉ်ကြီးတွေကလည်း ကုန်စည်ကို ကောင်းစွာသယ်ယူပို့ဆောင် သွားလာနိုင်စေမှာဖြစ်တဲ့အတွက် အရေးမျှော်မှန်းပြီး ဆောင်ရွက်တာဖြစ်တယ်၊ ဒါကို JICA ရဲ့အကူအညီနဲ့ ဂျပန်ချေးငွေနဲ့ ဆောင်ရွက်နေတာပါ၊ တံတားကြီးကို အပိုင်းသုံးပိုင်းနဲ့ခွဲပြီး တည်ဆောက်နေတာပါ၊ အခုဆို သာကေတဘက်အခြမ်းမှာရှိတဲ့ Package - 3 အပိုင်းက ကုန်းပေါ်မှာလည်းဖြစ်တော့ တည်ဆောက်ရတာလဲလွယ်တယ်၊ ဒီအတွက် မှန်းထားတာထက်ကို တော်တော်လေးလုပ်ငန်းတွေ အောင်မြင်ပြီးစီးနေပါပြီ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုအနေနဲ့လည်း ရန်ကုန်တိုင်းအတွင်း Stay at Home တွေ လုပ်လိုက်တော့ ကျွန်တော်တို့တည်ဆောက်ရေး အပိုင်းက အနည်းငယ်ဆိုင်းထားရတာရှိတယ်၊ ဒါပေမဲ့ အပိုင်း(၃)ရဲ့ ပြီးစီးမှုရာခိုင်းနှုန်းက ရည်မှန်းချက်ထက်ကို ကျော်နေပါတယ်၊ အပိုင်း(၁)နဲ့(၂)က ရေထဲမှာလုပ်ရတော့ နည်းပညာပိုင်းအရ အတော်လေးခက်တယ်၊ ကိုဗစ်ကြောင့် ဂျပန်ပညာရှင်တွေ မရောက်နိုင်သေးတော့ လုပ်ငန်းပြီးစီးမှုက နည်းနေသေးတာပါ၊ ကိုဗစ်အခြေအနေကောင်းရင်တော့ သတ်မှတ်ထားတဲ့ လျာထားချက်အတိုင်း လုပ်ငန်းတွေ ပြန်ဆောင်ရွက်သွားနိုင်မှာပါ"ဟု တံတားဦးစီးဌာန ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းရုံးမှ အင်ဂျင်နီယာချုပ် ဦးထွန်းလင်းက ပြောသည်။
ထို ပဲခူးဖြစ်ကူးတံတားသစ်ကြီး တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင်ခဲ့သည်။ စီမံကိန်းအပိုင်း(၁) Package 1 သည် သန်လျင်ဘက်အခြမ်းမှ စတင်ကာ PC Box Girder Bridge နှင့် Steel Box Girder Bridge အပိုင်းများပါ၀င်ပြီး ရေလည်တွင်ရှိသော စတီးလ် ကြိုးစိုင်းတာဝါတိုင် (Steel Cable Stayed Bridge) အစအထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအပိုင်းတွင် သန်လျင်ကုန်းပေါ်ဘက်အခြမ်းရှိ ဖောင်ဒေးရှင်းအပိုင်းများ ပြီးစီးနေပြီး မြေပေါ်သို့ စတက်ကာ ကော်လံတိုင်များ ပြီးစီးနေပြီဖြစ်သည်။ ထပ်မံ၍ ချဉ်းကပ်လမ်းပိုင်း ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ ထိုအပိုင်း(၁)သည် အရှည် ၁၃၁၂ မီတာရှိပြီး လက်ရှိတွင် လုပ်ငန်းပြီးစီးမှုမှာ ၄၉ ရာခိုင်နှုန်း ရှိလာပြီဖြစ်သည်။
စီမံကိန်းအပိုင်း(၂) Package 2 သည် ပင်မတံတားအပိုင်းဖြစ်ပြီး စတီးလ်ကြိုးစိုင်းတာဝါတိုင် (Steel Cable Stayed Bridge) အပိုင်းများနှင့် Steel Box Girder Bridge နှင့် PC Box Girder Bridge များပါ၀င်ကာ သာကေတဘက်အခြမ်းရှိ စီမံကိန်းရုံးရှေ့ရှိ ကွန်ကရစ်ခင်းထားသောတံတား Embankment Toll Gate အပိုင်းထိ ပါ၀င်ကြောင်း သိရသည်။ လက်ရှိတွင် ရေထဲအပိုင်းတွင် PR တိုင် နံပါတ်(၆)မှ PR တိုင် (၂၂) သာကေတဘက်ခြမ်းအထိ ပဲခူးမြစ်အတွင်း ဂျပန်နည်းပညာအတိုင်း ဖောင်ဒေးရှင်းအပိုင်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။ ထိုအပိုင်း(၂)သည် အရှည် ၁၃၆၃ မီတာရှည်ပြီး လုပ်ငန်းပြီးစီးမှုသည် ၅၀ ရာခိုင်နှုန်းကျော်လာပြီဖြစ်သည်။ ထိုစီမံကိန်းအပိုင်း Package 1 & 2 ကို Sumitomo Mitsui Construction နှင့် Yokogawa Bridge Construction JV တို့က တာ၀န်ယူဆောင်ရွက်နေပြီး တည်ဆောက်ရေးကာလ ၂၀၁၉ ခုနှစ်ဇွန်လမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီအထိ အပြီးဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။
တံတားကြီး၏ စီမံကိန်းအပိုင်း(၃) Package - 3 သည် လက်ရှိတွင် သာကေတဘက်အခြမ်း သန်လျင်တံတားဟောင်း တိုးဂိတ်(ကောက်ခံရေးဂိတ်)အနီးမှ ၁၀၈ တောင်ဘုရားအနီး သာကေတအဝိုင်းနားအထိ ခုံးကျော်ဒီဇိုင်းဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။ ထိုပိုင်းသည် ကုန်းပေါ်တွင် ဆောင်ရွက်ရသည့် အပိုင်းဖြစ်သောကြောင့် လုပ်ငန်းများ အောင်အောင်မြင်မြင်ပြီးစီးကာ မိုးပျံတံတားအဖြစ် ရုပ်လုံးပေါ်လာပြီဖြစ်သည်။ လက်ရှိတွင် ကြမ်းခင်းလောင်းခြင်းနှင့် လက်ရန်းပိုင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ တံတားကင်းလွတ်အမြင့် ၁၈ ပေ၊ အရှည် ၈၂၅ မီတာရှိကာ လက်ရှိတွင် လုပ်ငန်းပြီးစီးမှု ၈၃ ရာခိုင်နှုန်းကျော် ရှိလာပြီဖြစ်သည်။ ယင်းအပိုင်းကို Tokyu Construction က တာ၀န်ယူတည်ဆောက်နေပြီး ၂၀၁၉ ခုနှစ် မေလမှ ၂၀၂၁ ခုနှစ် မေလတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တံတားကြီးသည် ပင်မနှင့်ချဉ်းကပ်လမ်းအပါ၀င် စုစုပေါင်း အရှည်သည် မီတာ ၃၅၀၀ မီတာ ရှိသည်။ လက်ရှိအသုံးပြုဆဲ သန်လျင်တံတားဟောင်းနှင့် ၁၂၅ မီတာ အကွာအဝေးတွင် တည်ဆောက်နေခြင်းဖြစ်သည်။ ယာဉ်သွားလမ်း အသွားနှစ်လမ်း အပြန်နှစ်လမ်းဖြင့် လေးလမ်းသွားဖြစ်သည်။ ခံနိုင်၀န်သည်ကားတစ်စီးချင်း ၇၅ တန်ရှိသော ကားကြီးများ သွားလာနိုင်မည်ဖြစ်သည်။ ထိုတံတားစီမံကိန်းကို Japan International Cooperation Agency (JICA) ၏ ဂျပန်နိုင်ငံချေးငွေဖြင့် ဂျပန်ယန်း ၃၁ ဘီလီယံ အကုန်ကျခံကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တံတားတည်ဆောက်ရေး စီမံကိန်းရုံးမှ သိရသည်။
သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ- မျိုးကြီး


